မျက်မှောက်ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် လွှမ်းခြုံလည်ပတ်နေသည်။ သိပ္ပံနှင့် နည်းပညာတိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပယ်ကဏ္ဍတိုင်း၌ ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးချ၍ အခွင့်အလမ်းများ ရယူနေကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးမျက်နှာစာများတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်စွာ အသုံးချနိုင်သောနိုင်ငံများသည် တိုးတက်အောင်မြင်မှု၌ တစ်ပန်းသာနေသည်။
ကမ္ဘာနှင့်ရင်ပေါင်တန်းတိုးတက်နေသောကာလ၌ မြန်မာနိုင်ငံအနေဖြင့် နောက်ကျမနေရစ်စေရန်အတွက် ဒစ်ဂျစ်တယ်လူမှုဘဝ၊ ဒစ်ဂျစ်တယ်စီးပွားရေး ဘဝများထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒစ်ဂျစ်တယ်ဟူသည် ကွန်ပျူတာနှင့် အီလက်ထရွန်နစ်တို့နှင့်သက်ဆိုင်သော နည်းပညာများတွင် အသုံးပြုသောနည်းစဉ်ဖြစ်သည်။ ကိန်းဂဏန်း၊ အချက်အလက်များကိုအခြေခံ၍ ဒစ်ဂျစ်တယ် အသံလှိုင်း၊ ရုပ်သံလှိုင်းဆက်စပ်အကြောင်းအရာများကို ရရှိလာသည်။ မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာအားဖန်တီးနိုင်နေပြီကို သတိပြုမိဖို့လိုပြီး နောက်ကျမကျန်ရစ်စေရန် ဒစ်ဂျစ်တယ်တွင် ပါဝင်ဖို့လိုပါသည်။
ယနေ့ကမ္ဘာတစ်ဝန်းတွင် Digital Transformation ဟုခေါ်ဆိုသည့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံတွင် အများပြည်သူတို့အနေဖြင့် အင်တာနက်နှင့် အွန်လိုင်းနည်းပညာကို အသုံးပြုနေကြသော်လည်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း ရေးဖြစ်စဉ်များတွင် ပါဝင်မှုနှေးကွေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ အဓိကအချက်မှာ ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာဗဟုသုတများ အားနည်းခြင်းနှင့် အစဉ်အလာဟောင်းကို မစွန့်လိုကြခြင်းကြောင့်ဖြစ်သည်ကို မြင်တွေ့ရ သည်။ ဥပမာအားဖြင့် ခရီးသွားပြည်သူများ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်မည့် YPS ငွေပေးကတ်ကို အသုံးပြုမှုနည်းသည့်နမူနာကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းစနစ်သုံးအင်တာနက်သည် နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်သော်လည်း Fixed Broad band ကြိုးဖြင့် အင်တာနက်သုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာရှိနေသေးသည့်အတွက် မြန်နှုန်းမြင့်ဖိုင်ဘာအင်တာနက်ကို မြို့ကြီးများသာမက ကျေးလက်ဒေသများအထိ လက်လှမ်းမီအသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူများလိုအပ်သည့် ကျွမ်းကျင်မှုနှင့် နည်းပညာအသစ်များရရှိစေရန်နှင့် အင်တာနက်ကို လူမှုကွန်ရက်နှင့် ဖျော်ဖြေရေးအဆင့်များထက်ကျော်လွန်ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေးကဏ္ဍများတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် MSME လုပ်ငန်းများတွင် အင်တာနက်ကို အကျိုးရှိရှိအသုံးပြုပြီး မိမိတို့၏ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှုနှင့်ထုတ်ကုန်များကို လူမှုကွန်ရက်များမှတစ်ဆင့် ကြော်ငြာမှုများပြုလုပ်၍ ဈေးကွက်ရှာဖွေခြင်းနှင့် ငွေပေးချေမှုများတွင် လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးလည်း ပြည်တွင်း၊ ပြည်ပသို့ချိတ်ဆက်နိုင်ကာ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ e-Government ကို ကျော်လွန်ပြီးနောက် Digital Government သို့ တက်လှမ်းလာနိုင်မည်ဖြစ်သည်။
နိုင်ငံ့စီးပွားရေးတွင် Digital Economy ဒစ်ဂျစ်တယ်စီးပွားရေးသည် အဓိက ကျသည့် မဏ္ဍိုင်တစ်ခုဖြစ်သည်။ Digital Trade ဒစ်ဂျစ်တယ်ကုန်သွယ်ရေးနှင့် အီလက်ထရွန်နစ်စီးပွားရေးကို အောင်မြင်စွာ အကောင်အထည်ဖော်သွားနိုင်ရန် မလိုလားအပ်သည့်ဖြစ်ရပ်များကို တားဆီးနိုင်ရန်အတွက် ဥပဒေ၊ စည်းမျဉ်းများနှင့် ထိန်းကျောင်းသွားရန်လိုအပ်သည်။ နိုင်ငံတော်၏ ဦးတည်ချက်(၁၂)ရပ်ပါ စီးပွားရေး ဦးတည်ချက်(၄)ရပ်နှင့်အညီ နိုင်ငံတကာနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းစဉ်များ ကိုက်ညီမှုရှိစေရန် Myanmar Digital Economy Roadmap မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။
သို့ဖြစ်ရာ ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိရှိအသုံးပြုပြီး အုပ်ချုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိ သည့် နယ်ပယ်အသီးသီးတွင် ဒစ်ဂျစ်တယ်အသွင်ကို ဟန်ချက်ညီညီ ကူးပြောင်း ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာပြီး The Global Value Chain ဟုခေါ်ဆိုသည့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်ကို ချိတ်ဆက်ဆောင်ရွက်လာနိုင်ပြီး နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်
No comments:
Post a Comment