နိုင်ငံ့စီးပွားတိုးတက်ရေးဆောင်ရွက်ရာတွင် သယံဇာတများရောင်းချခြင်းနှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်ခြင်းဟု လမ်းကြောင်းနှစ်သွယ်ရှိသည့်အနက် သယံဇာတများရောင်းချခြင်းကို အတတ်နိုင်ဆုံးထိန်းထားပြီး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့ပြီး သယံဇာတတရားမဝင်ထုတ်လုပ် ခြင်းများနှင့်စပ်လျဉ်း၍လည်း မိမိတို့နိုင်ငံ့စီးပွားရေးကို ထိုးနှက်ချက်များပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ဇူလိုင် ၂ ရက်ကတွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကိစ္စရပ်များကို ကဏ္ဍအလိုက်ဆွေးနွေး ရာတွင် နိုင်ငံတော်အကြီးအကဲက “နိုင်ငံတော်တွင်ရှိသည့် မြေပေါ်မြေအောက်သံယဇာတများကို ထုတ်ယူသုံးစွဲရာတွင် မြေအောက် သယံဇာတပစ္စည်းများသည် ထုတ်ယူသုံးစွဲပြီး ကုန်ဆုံးသွားပါက ပြန်လည်ဖြည့်တင်း၍ ရနိုင်မည်မဟုတ်ကြောင်း၊ သတ္တုပစ္စည်းများကို ထိုက်သင့်သလောက်သာ ထုတ်လုပ်ခွင့်ပြုထားကြောင်း၊ တွင်းထွက်ပစ္စည်းများထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ခြင်းထက် ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ခြင်းကို ဆောင်ရွက်ရန်လိုကြောင်း” အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
သယံဇာတများ တရားမဝင်ထုတ်လုပ်မှုတွင် ရွှေသည် နှစ်ကာလကြာမြင့်စွာကပင် အများဆုံးထုတ်ယူခဲ့ကြခြင်းဖြစ်ပြီး မြေရှား( rare earth) ၊ ခဲမဖြူအစရှိသည်တို့ကိုလည်း တရားမဝင် တူးဖော်ထုတ်လုပ်နေကြကြောင်း သိရှိရသည်။ မြေအောက်သယံဇာတများကို စည်းမဲ့ကမ်းမဲ့ တရားမဝင်တူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ကြီးမားစွာဖြစ်ပေါ်နေသည့်အပြင် ဒေသခံပြည်သူများ၏ လူမှုပတ်ဝန်းကျင်များကို ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ စက်ယန္တရားများဖြင့် တောတောင်များအတွင်း တူးဖော်ခြင်း၊ မြစ်ကမ်းပါးများကို ရေအားဖြင့်ဖြိုချခြင်း၊ မြစ်ချောင်းအင်းအိုင်များအတွင်း ရွှေဖောင်များဖြင့် တူးဖော်ခြင်း၊ မျောတိုက်ခြင်း၊ ရွှေထုတ်ယူရာတွင် အသုံးပြုသည့် ပြင်းထန်ဓာတုပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းတို့ကြောင့် ရွှေလုပ်ကွက်ဟောင်းများမှာ ကန္တာရများပမာ သစ်ပင်များကင်းမဲ့၍ အကျည်းတန်စွာ ကျန်ရစ်ခဲ့ရသည့်အပြင် သစ်တောကြိုးဝိုင်းများ၊ မြစ်ချောင်းများ၏ ရေဝေရေလဲဒေသများနှင့် သဘာဝရေအရင်းအမြစ်များ၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်း စိုက်ပျိုးမြေယာများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သယံဇာတများ တရားမဝင်တူးဖော်ထုတ်လုပ်မှုများကို တားဆီးအရေးယူခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်ဇွန်လအတွင်း ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း သယံဇာတများကို တရားမဝင်တူးဖော်သည့် ဘက်ဟိုးယန္တရား ၅၇ စီး၊ ခန့်မှန်းတန်ဖိုးကျပ် ၄ ဒသမ ၅၃၁ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ နိုင်ငံအတွင်းသယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှု များသည် ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။ တရားဝင်တူးဖော်ထုတ်လုပ်သည့် သတ္တုလုပ်ကွက်ဟောင်းများတွင်ပင်လျှင် သဘာဝပတ်ဝန်းကျင် ပြန်လည်ပြုစုပျိုးထောင်မှုများပြုလုပ်ရန် တာဝန်ပျက်ကွက်မှုများရှိနေရာ သယံဇာတ တရားမဝင်ထုတ်လုပ်မှုများကြောင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်တို့ကဲ့သို့သော အဓိကမြစ်ကြီးများ၏ အောက်ပိုင်းအထိပါ ထိခိုက်ပျက်စီးမှုများ သက်ရောက်မှုဖြစ်ပေါ်လျက်ရှိကြောင်း ပညာရှင်များက သတိပေးလျက်ရှိသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေကြသည့် သယံဇာတတူးဖော်ထုတ်လုပ်မှုများကြောင့် နိုင်ငံ၏သယံဇာတများ ဆုံးရှုံးခြင်းအပြင် သဘာဝပတ်ဝန်းကျင်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးက ပိုမို၍ပမာဏကြီးမားသည်။ မြစ်ချောင်းများ ပျက်စီးတိမ်ကောခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ မြစ်ရေချောင်းရေကို မှီခိုနေရသည့် ပြည်သူများအတွက် အခက်အခဲဖြစ်စေနိုင်သည့်အပြင် ကျန်းမာရေးဆိုင်ရာပြသနာများဖြစ်စေခြင်း၊ ငါးပုစွန်သယံဇာတများ ရှားပါးနိုင်ခြင်း စသည်တို့အပါအဝင် မြောက်မြားလှစွာသော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့်အလျောက် မြေအောက်သယံဇာတများ တရားမဝင်စည်းကမ်းမဲ့ တူးဖော်ထုတ်လုပ်မှုများအားလုံးကို ထိထိရောက်ရောက် အရေးယူရှင်းလင်းဖယ်ရှား ထိန်းသိမ်းကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်
No comments:
Post a Comment