Monday, July 10, 2023

သမားဂုဏ်နှင့်အညီ နိုင်ငံ့သားကောင်းရတနာ

 


ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင် ပညာသင်ကြားမှုများ အောင်မြင်ပြီးဆုံးခဲ့သည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၆၀၄ ဦးတို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တိတိ စတင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်သည်။ သင်တန်းကာလပြီးမြောက်ပါက လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည်ဖြစ်သည်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ နှစ်စဉ်ဆေးပညာရှင်များ ပြုစုပျိုးထောင်မွေးထုတ်ပေးလျက်ရှိရာ ယနေ့အချိန်အထိ ဆေးပညာရှင်ဆရာဝန် ၄၇၃၃၇ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၅၄၃၇ ဦး၊ ဆေးဝါးပညာရှင် ၄၂၂၂ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာရှင် ၄၅၂၉ ဦး၊ သူနာပြုသိပ္ပံ ဘွဲ့ရ ၉၄၉၆ ဦးနှင့် ကျန်းမာရေးပညာရှင် ၂၃၆၆ ဦးတို့ကို မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။ ကျန်းမာရေးပညာရှင်များသည် မိမိတို့ပညာထူးချွန်မှုအပေါ်မူတည်၍ မိမိတို့ဝါသနာအရလည်းကောင်း၊ မိဘများက တိုက်တွန်းမှုအရလည်းကောင်း ဆေးပညာများ တတ်မြောက်လာကြသူများဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဆေးပညာတတ်မြောက်လာကြသူများအနေဖြင့် မိမိအတွက်လည်းကောင်း၊ နိုင်ငံတော်အတွက်လည်းကောင်း ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ဆရာဝန် တစ်ယောက်ဖြစ်လာသည့်အခါ လိုက်နာကျင့်ကြံရမည့် ဆရာဝန်ကျင့်ဝတ်ဖြစ်သည့် “ဥပဋ္ဌာနံ အနုကမ္မာ ဒယာ” ဆရာဝန်တစ်ဦးဖြစ်သောကျွန်ုပ်သည် ဝေဒနာရှင်လူနာအား ဥပဋ္ဌာနံ- စိတ်ရောကိုယ်ပါ ယုယုယယ ပြုစုကုသပါမည်၊ အနုကမ္မာ-ကိုယ်ချင်း စာတရား လက်ကိုင်ထားလျက် ပြုစုကုသပါမည်၊ ဒယာ- လူလူချင်း ညှာတာထောက်ထားသောအသိဖြင့် ပြုစုကုသပါမည်ဟူသည့်အချက်တို့ကို လိုက်နာစောင့်ထိန်းကြရသည်။

အဆိုပါ ဆရာဝန်ကျင့်ဝတ်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိသည့် တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ထိရောက်စွာပေးအပ်နိုင်ရေးနှင့် မိမိတို့၏ဘဝတက်လမ်းနှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများ အဆင့်ဆင့်တက်လှမ်းရရှိနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းဆရာဝန်များအဖြစ် တာဝန်ထမ်းဆောင်ကြခြင်းဖြစ်သည်။ ဆရာဝန်များအား ပြည်သူများက ရိုသေလေးစား အားကိုးအားထားပြုကြပြီး နိုင်ငံတော်အနေဖြင့်လည်း အချိန်များစွာ၊ အကုန်အကျများစွာကျခံပြီး မွေးထုတ်ပေးခြင်းဖြစ်၍ ဆရာဝန်တစ်ယောက်ဖြစ်လာသည့်အခါ နိုင်ငံတော်၏ကျေးဇူးကို ပြန်လည်တုံ့ပြန်ပေးဆပ်ကြရန် လိုအပ်ပေသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်ပြီး တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ၏ လူဦးရေအချိုးအစားအရ ဆရာဝန်များလိုအပ်လျက်ရှိသဖြင့် နှစ်စဉ်မွေးထုတ်ပေးနေရသည်။ မွေးထုတ်ပေးခဲ့သောဆရာဝန်များအနက် အခြားနယ်ပယ်များသို့ရောက်ရှိ သွားသူများနှင့် ပြီးခဲ့သည့်ကာလက နိုင်ငံရေးပယောဂကြောင့် အဟောသိကံဖြစ်သွား ရသည့်ဆရာဝန်များစွာရှိသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် လိုအပ်ချက်များရှိနေချိန်၌ မွေးထုတ်ပေးလိုက်သည့် မောင်မယ်သစ်လွင် အလုပ်သင်ဆရာဝန်များက နိုင်ငံ့တာဝန်များထမ်းဆောင်ကြပြီး တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးကြတော့မည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကြိုဆိုရမည်ဖြစ်သည်။

ဆရာဝန်တစ်ယောက်ဖြစ်လာရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ မလျှော့ သောဇွဲ၊ လုံ့လ၊ ဝီရိယ၊ စစ်မှန်သောခံယူချက်၊ ယုံကြည်ချက်၊ ခိုင်မာသောစိတ်ဓာတ်တို့ဖြင့် မဆုတ်မနစ်ကြိုးစားအားထုတ်မှုကြောင့်သာ အလုပ်သင်ဆရာဝန်အဖြစ်သို့ ရောက်လာခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းဆရာဝန်တစ်ယောက်ဖြစ်မှသာ သမားဂုဏ်ဒြပ်များ မြင့်မားလာမည်ဖြစ်သည်။ ပြည်တွင်းဘွဲ့လွန် ဆေးပညာရပ်များအပြင် ပြည်ပဘွဲ့လွန်ဆေးပညာရပ်များကို ဆက်လက်ဆည်းပူးနိုင်မည်ဖြစ်သည်။ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ရရှိမည့်လစာအပြင် ညဂျူတီနှင့် စားစရိတ် သတ်မှတ်ချီးမြှင့်ငွေများနှင့် နေထိုင်ခွင့်များရရှိမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ပြီး ကိုယ်ပိုင်အချိန်များတွင် ပြင်ပ၌ ဆေးကုသခွင့်များရရှိနေသည်။

နိုင်ငံ့ဝန်ထမ်းဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။ အများပြည်သူ အသက်ရှည်ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်ပေးရသဖြင့် အလွန်မွန်မြတ်ပေသည်။ နိုင်ငံတော်က ထောက်ပံ့ဖြည့်ဆည်းပေးမှုများနှင့်အတူ မိမိ၏သမားဂုဏ်လည်း မြင့်မားတိုးတက်လာစေရန် ဆက်လက်ကြိုးပမ်းအားထုတ်နိုင်သည်။ အထူးသဖြင့် ဆေးပညာဖြင့် နိုင်ငံတော်၏ကျေးဇူးကို ပြန်လည်ပေးဆပ်နိုင်ခြင်း၊ ပြည်သူများလိုအပ်နေသည့် ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ခြင်း၊ မဖြစ်ပွားသေးသောရောဂါဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ပေးနိုင်ခြင်းတို့ကို ထူးကဲမွန်မြတ်စွာ စွမ်းဆောင်နေကြသည်။

သို့ဖြစ်ရာ ငွေကြေး၊ အချိန်များစွာပေးဆပ်၍ မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားအားထုတ်ခဲ့ကြသော ဆေးပညာရှင်များအား သမားဂုဏ်၊ သမားကျင့်ဝတ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူများကို အလုပ်အကျွေးပြုနေသည့် သားကောင်းရတနာများအဖြစ် ရှုမြင်ပါကြောင်း။

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment