Monday, July 10, 2023

နိုင်ငံအနာဂတ်တွင် အဂတိကင်းစင်ရေး ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ဘဝများ သာယာဝပြောရေးတို့အတွက် အကြီးမားဆုံးသောအန္တရာယ်ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိသည်။ မိမိတို့၏ လူ့အဖွဲ့အစည်းအတွင်း ကျယ်ပြန့်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသော အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်းဟူသော နည်းလမ်းသုံးခုဖြင့် ဆောင်ရွက်လျက်ရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပညာပေးရာတွင် လူငယ်များ စဉ်းစားတွေးခေါ်နိုင်စေရန်၊ စဉ်းစားတွေးခေါ်ရာတွင်လည်း မှန်ကန်စွာတွေးခေါ်နိုင်ရန်၊ ကောင်းသောအပြုအမူနှင့် မကောင်းသောအပြုအမူတို့ကို ခွဲခြားနားလည်စေရန်တို့အတွက် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသူ ကျောင်းသားအရွယ်ကတည်းကပင် လေ့ကျင့်ပျိုးထောင်မှုများ ပြုလုပ်ပေးလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံနှင့်တကွ နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းတစ်ရပ်လုံးဖွံ့ဖြိုးတိုးတက်ရေးတွင် အဂတိလိုက်စားမှုကို ကာကွယ်တိုက်ဖျက်နိုင်ရန် လွန်စွာအရေးကြီးကြောင်း လူငယ်များက ခိုင်မာစွာယုံကြည်ကြပြီး အဂတိလိုက်စားမှုကို ဆန့်ကျင်သော နိုင်ငံသားများဖြစ်လာစေရန်၊ မိမိအကျိုး၊ မိသားစုဆွေမျိုး မိတ်သင်္ဂဟများအကျိုးထက် နိုင်ငံနှင့်လူမျိုး၏အကျိုး၊ အများအကျိုးကို ဦးစားပေးရန်တို့အတွက် မှန်ကန်စွာ စဉ်းစားတွေးခေါ်သူများဖြစ်စေရန် လေ့ကျင့်ပေးရမည်ဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူလူငယ်များအတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးမှုများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် အစီအစဉ်များဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးရာတွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိရန်၊ အဂတိလိုက်စားမှုကိုရှက်ရွံ့သည့်၊ ဆန့်ကျင်သည့်၊ တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစား တွေးခေါ်မှုကိုမှန်ကန်စေရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ရောင့်ရဲတင်းတိမ်သော စီးပွားရေးစနစ်အတွေးအခေါ်ကို လေ့လာနိုင်စေရန်၊ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းမြင့်သော နိုင်ငံ့သားကောင်းများဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝသည်းမခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန်ဟူသော ရည်ရွယ်ချက်ကောင်းများထားရှိခြင်းဖြစ်ရာ ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်သည်အထိ လူငယ်မျိုးဆက်များ တစ်ဆက် ပြီးတစ်ဆက် လေ့ကျင့်သင်ကြားပေးနိုင်သည်နှင့်အမျှ မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုကင်းစင်သော လူ့ဘောင်ကိုတည်ထောင်နိုင်မည်ဖြစ်သည်။

အဂတိလိုက်စားမှုများသည် မမှန်ကန်သောအတွေးအခေါ်များကြောင့်ဖြစ်ပြီး ယင်းအတွေးအခေါ်များသည်လည်း လူမှုဘဝပတ်ဝန်းကျင်ဖြတ်သန်းမှုတွင် အသေးအဖွဲအပြုအမူလေးများမှ စတင်မြစ်ဖျားခံသည်ဟုဆိုသည်။ တန်းစီရာတွင် ကြားဖြတ်ခြင်း၊ စာမေးပွဲတွင် စာခိုးချခြင်း၊ တားမြစ်ထားသည့်နေရာတွင် အမှိုက်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်း စသည်တို့ကဲ့သို့သော ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းဖောက်ဖျက်သည့်အပြုအမူ၊ အလေ့အထများ စွဲနေသူများသည် နောင်တွင်လည်း စဉ်းစားတွေးခေါ်မှု မမှန်ကန်သူများဖြစ်လာပြီး ကိုယ်ကျိုးရှာသူ၊ အများအကျိုးနှင့် သက်ဆိုင်သည့်အရာကို ကိုယ်ကျိုးအတွက် အသုံးပြုသူ၊ အများအကျိုး၊ တိုင်းပြည် အကျိုးထက် ကိုယ့်အကျိုးကိုယ့်မိသားစု၊ ဆွေမျိုးမိတ်သင်္ဂဟအကျိုးကိုသာ ကြည့်သူများဖြစ်လာသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားအများစုတို့ ယုံကြည်ကိုးကွယ်ရာဖြစ်သည့် ဗုဒ္ဓဘာသာတွင်လည်း ဖြောင့်မတ်ခြင်းကို အလေးအနက်ထား၍ “ဖြောင့်မတ်ခြင်း၊ ကောင်းစွာဖြောင့်မတ်ခြင်း”သည် လူသားတို့၏ ကောင်းမြတ်သော ဂုဏ်အရည်အချင်းတစ်ရပ်အဖြစ် ညွှန်ပြထားသည်။ ဖြောင့်မတ်သူသည် မမှန်ကန်သည့်အမှု၊ ကွေ့ကောက်လိမ်ပတ်သည့်အမှုတို့ကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို မည်သည့်အကြောင်းနှင့်မျှ ပြုလုပ်မည်မဟုတ်ရာ မျိုးဆက်သစ်လူငယ်များအား ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းသည် အနာဂတ်နိုင်ငံတော် အတွက် အဂတိကင်းစင်သော ကောင်းကျိုးကို ဖြစ်ထွန်းစေနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:

Post a Comment