Monday, July 10, 2023

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာနှင့် ၎င်းအစီရင်ခံစာဆိုင်ရာ တံခါးဖွင့်အစည်းအဝေးတို့အပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်

 

၂ဝ၂၂ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ၂၇-၆-၂ဝ၂၃ ရက်တွင် စာရွက်စာတမ်းအမှတ်၊ A/77/895-S/2023/ 363 ဖြင့်ထုတ်ပြန်ခဲ့ကြောင်းနှင့် ယင်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးဖွင့် အစည်းအဝေးကို ၅-၇-၂ဝ၂၃ ရက်၌ ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။ အစည်းအဝေးတွင် အထူးကိုယ်စားလှယ်နှင့် နိုင်ငံအချို့က မြန်မာနိုင်ငံနှင့်ပတ်သက်၍ တာဝန်မဲ့ ရည်ညွှန်းပြောကြားမှုများ ရှိခဲ့သည်ကို တွေ့ရှိရသည်။

လိုရာဆွဲရေးသားထားသော ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံကို အထူးပြုထည့်သွင်း ဖော်ပြချက်များပါဝင်ပြီး တစ်ဖက်သတ်တစ်ဆင့်စကားများနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များအပေါ် အခြေခံထားသည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရသည်။ အစီရင်ခံစာရေးသားသူသည် ဖြစ်စဉ်ဖြစ်ရပ်များကို စိစစ်နိုင်မည့် နေ့ရက်၊ အချိန်နှင့် နေရာကဲ့သို့ အချက် အလက်များ မပါဝင်ဘဲ ကျူးလွန်ကြောင်း စွပ်စွဲမှုအရေအတွက်များကိုသာ ထည့်သွင်းထားသည့်အတွက် မြန်မာ တပ်မတော်ကိုအစီရင်ခံစာ၏ နောက်ဆက်တွဲတွင် စာရင်းသွင်းဖော်ပြခြင်းမှာ နိုင်ငံရေးသွတ်သွင်းမှုတစ်ရပ်သာဖြစ်ကြောင်း ရှင်းလင်းစွာ ပြသလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဘက်မှ တိုင်ကြားမှုများကို လက်ခံပြီး တုံ့ပြန်မှုများပြုလုပ်ရန် မည်သည့်အခါမျှ တွန့်ဆုတ်ခြင်းမရှိခဲ့ပါ။ ယခုအစီရင်ခံသည့်ကာလအတွင်း ကလေးသူငယ်များ သေဆုံးမှုနှင့် ဖမ်းဆီးခံရခြင်းများနှင့်ပတ်သက်၍ အချက်အလက်တောင်းခံမှု ၅ ကြိမ်သာ ရရှိခဲ့သည်။ အစီရင်ခံစာတွင် သေဆုံးကြောင်းနှင့် ဖမ်းဆီးခံရကြောင်း စွပ်စွဲချက်အရေအတွက်များကို ကုလသမဂ္ဂဘက်မှ မြန်မာအစိုးရဘက်သို့ စိစစ်ထားသည့် အရေအတွက်ထက် ၁၂ ဆမှ အဆ ၃ဝ အထိ ဖောင်းပွဖော်ပြထားသည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရသည်။ ကုလသမဂ္ဂ၏ လွတ်လပ်သော ကျွမ်းကျင်သူများသည် စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ဖြစ်နိုင်သမျှအတိုင်းအတာအထိ စိစစ်အတည်ပြုရန် လိုအပ်သော်လည်း အစီရင်ခံစာတွင် ပါဝင်သော ကျန်အချက်အလက်များကို သက်ဆိုင်သည့် နိုင်ငံနှင့် စိစစ်ထားခြင်းလုံးဝမရှိကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်းထားပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဒုတိယအကြိမ် အမျိုးသား အဆင့်လုပ်ငန်းစီမံချက် (၂ဝ၂၂-၂ဝ၂၃) ကို အကောင်အထည်ဖော်လျက်ရှိသည်။ တိုင်ကြားမှုများကို မှတ်တမ်းပြုစုလုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ်ဖုန်းအမှတ် (Help line number 1566) ဖြင့် တိုင်ကြားမှုယန္တရားကို တည်ထောင်ထားပြီးဖြစ်သည်။

တစ်ဖက်တွင် အစီရင်ခံစာသည် အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG နှင့် PDF တို့ကြောင့် ကလေးသူငယ် ၉၇ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၂၇၅ ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရစေခဲ့သည့် ရက်စက်ကြမ်းကြုတ် သောရာဇဝတ်မှုများကို ဖုံးကွယ်ရန်ကြိုးပမ်းခဲ့သည်။ ထို့အပြင် အကြမ်းဖက် PDF အဖွဲ့များက နိုင်ငံတစ်ဝန်းဆေးရုံနှင့်ဆေးခန်း ကိုးခု၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦ ၁၄ဝ ကို တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် အစီရင်ခံစာ၌ ၎င်းတို့၏ လူမဆန်သောကျူးလွန်မှုများကို အမှုန်အမွှားမျှသာဖော်ပြခဲ့ပြီး အကြမ်းဖက်အဖွဲ့များ၏ ရက်စက်သော ကျူးလွန်မှုများကို “အမည်မဖော်နိုင်သော ကျူးလွန်သူများ” အဖြစ် မရေရာသော အသုံးအနှုန်းများဖြင့် ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။

အရွယ်မရောက်သေးသူများအား စုဆောင်းခြင်းမှ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးစီးဆောင်ရွက်မှုဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းရေးကော်မတီကို ၂ဝ၁၁ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂစောင့်ကြည့်လေ့လာ အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (UNCTFMR) နှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သို့ရာတွင် CTFMR ၏ အရင်းအမြစ်များမည်သို့ရရှိကြောင်း ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် CTFMR ၏ အမှီအခိုကင်းမှုနှင့် ဘက်မလိုက်မှုတို့အပေါ်စိုးရိမ်မှုရှိသည်။ ၂ဝ၁၃ ခုနှစ်မှစ၍ CTFMR က ပေးပို့ခဲ့သည့် အသက်မပြည့်သူဟု သံသယရှိသူ ၂၃၆၄ ဦးရှိပြီး အချက်အလက် ပြည့်စုံမှုမရှိခြင်းကြောင့် ၁၁၉၇ ဦးကို သံသယစာရင်းမှ ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။ အရွယ်မရောက်သေးသူ ၁ဝ၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်စေခဲ့ပြီးဖြစ်ကာ တာဝန်ရှိသည့် တပ်မတော်သား ၄၇၅ ဦးကို အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်ခဲ့သည်။ အသက်မပြည့်သေးသူများအား စုဆောင်းမှုဖြစ်ပေါ်ရသည့် ဖြစ်စဉ်အများစုမှာ တစ်ဦးတစ်ယောက်၏ အသက်နှင့်ပတ်သက်၍ စိစစ်ရန်အရပ်ဘက်စာရွက်စာတမ်းများ ပြည့်စုံမှုမရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး ဖြစ်စဉ်အများစုမှာ ၂ဝဝဝ ပြည့်နှစ်များမှ ကိစ္စရပ်များဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ယခုအစီရင်ခံသည့်ကာလအတွင်း CTFMR သည် အသက်မပြည့်သူဟု သံသယရှိသူ ခုနစ်ဦးနှင့်ပတ်သက်၍သာ အကြောင်းကြားခဲ့သော်လည်း နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် မြန်မာနိုင်ငံကို ဆက်လက်ထည့်သွင်းထားနိုင်ရန်အတွက် ယခုအစီရင်ခံစာတွင် ၁၁၂ ဦးဟူ၍ ဖြစ်ရပ်ဟောင်းများနှင့် ရောထွေးဖော်ပြခဲ့သည်။

မြန်မာတပ်မတော်ကို အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် ထပ်မံထည့်သွင်းခဲ့ခြင်းနှင့် အပြုသဘောမဆောင်သည့် အဆင့်များဆောင်ရွက်ရန် အရိပ်အမြွက်ဖော်ပြလာခြင်းသည် နိုင်ငံအတွင်းရှိ ကလေးသူငယ်များအကျိုးအတွက် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အထောက်အကူပြုမည်မဟုတ်ပါ။ အစီရင်ခံစာတွင် ပါဝင်သည့် လိုရာဆွဲဖော်ပြထားသည့် ကိန်းဂဏန်းများနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချပြီး ကုလသမဂ္ဂအနေဖြင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပိုမိုကောင်းမွန်စွာ လေ့လာသုံးသပ်ပြီး အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့်ဆောင်ရွက်ရန် တောင်းဆိုသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ

၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်

No comments:

Post a Comment