Sunday, July 30, 2023

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် မာရဝိဇယကျောင်းတော် ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကျင်းပ

 


နေပြည်တော် ဇူလိုင် ၃၀

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ကျောင်းလွှတ်ပူဇာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

 





အခမ်းအနားသို့ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်ကြီးများ၊ မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးတော်မူကြမည့် ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးနှင့် ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သည်။ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မာရဝိဇယကျောင်းဆောင်တော်တွင် သီတင်းသုံးတော်မူကြမည့် ဆရာတော် ၅ ပါး၏ ဘွဲ့တော်နှင့် ထေရုပတ္တိအကျဉ်းတို့ကို တင်ပြသည်။

ယင်းနောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုး၍ ဖွင့်လှစ်ပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက ပါဠိဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မင်္ဂလသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် အခမ်းအနားမှူးက ကျောင်းအပ်စာတမ်းလွှာကို ဖတ်ကြားလျှောက်ထားပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မိသားစုများက ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒ ထံ ကျောင်းအပ်စာတမ်းလွှာကို ဆက်ကပ်ပြီး သာဓုအနုမောဒနာ ခေါ်ဆိုကြသည်။

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပါဠိဆရာတော်ဘုရားကြီးနှင့် ကျောင်းထိုင်ဆရာတော်ထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပါဠိဆရာတော်ကြီးထံမှ ကျောင်းလွှတ်ပူဇာအနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

၎င်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မိသားစုဝင်များ၊ အခမ်းအနားတက်ရောက်လာကြသူများသည် ပါဠိဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ မာရဝိဇယကျောင်းတော်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အမှူးပြုသော ခုနစ်ရက်သားသမီး ဓမ္မမိတ်ဆွေအလှူရှင်များ စုပေါင်းတည်ဆောက်လှူဒါန်းခဲ့သည့် ဘုန်းတော်ကြီးကျောင်းဖြစ်ကြောင်း၊ အဆိုပါကျောင်းတော်အတွင်း ဘုရားခန်း၊ စာချ၊ ဝတ်ပြုခြင်းများ ပြုလုပ်ရန်နေရာ၊ အိပ်ခန်းများ၊ စာကြည့်တိုက်နှင့် စာဖတ်ခန်းများ၊ ဆွမ်းစားခန်း၊ သန့်စင်ခန်းများ၊ ဆွမ်းချက်ဆောင်နှင့် ကပ္ပိယဆောင်များကို စနစ်တကျဖြင့် ပြည့်စုံစွာထည့်သွင်းတည်ဆောက်ထားရှိသဖြင့် သံဃာတော်များ သပ္ပါယမျှတစွာဖြင့် သီတင်းသုံးနိုင်မည်ဖြစ်ကြောင်းနှင့် ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment