Thursday, June 29, 2023

မွန်မြတ်သည့်ငြိမ်းချမ်းရေးအမွေချန်ထားရစ်

 

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီကာလမှစ၍ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲ အစွဲအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားလူမျိုးအချင်းချင်း လက်နက်စွဲ ကိုင်တိုက်ခိုက်သည့် မငြိမ်းချမ်းသောအဖြစ်များ ကြုံတွေ့လျက်ရှိသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ မငြိမ်းချမ်းသည့်အကျိုးရလဒ်များကို တိုင်းရင်းသားပြည်သူများ ကြုံတွေ့ခံစားကြသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ခဲ့သည်။

နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အလှမ်းဝေးလျက်ရှိသည်။ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် ဆက်စပ်လျက်ရှိသည်။ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမရှိသောဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်မဟုတ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမရှိပါကလည်း ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့ခိုင်မြဲမည်မဟုတ်ပေ။ သာယာလှပသည့် တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းနေပါမှ တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှဖွံ့ဖြိုးတိုးတက်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ မငြိမ်းချမ်းသောအခြေအနေများ အဆုံးသတ်နိုင်ရန် ခေတ်အဆက်ဆက်အစိုးရများက ငြိမ်းချမ်းရေးကို အလေးထားဖော်ဆောင်ခဲ့သော်လည်း ယနေ့ထက်တိုင်အောင် အလုံးစုံအောင်မြင်မှုမရရှိသေးပေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ယူခဲ့ရသည့်ကာလအတွင်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်သတ်မှတ်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ ထိုသို့ဖိတ်ခေါ်ခဲ့သည့်အတွက် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့်အဖွဲ့ သုံးဖွဲ့တို့နှင့် ဆွေးနွေးနိုင်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းစွာဖြင့် လျှောက်လှမ်းနိုင်မည့်ရလဒ်ကောင်းများ ရရှိနေပြီဖြစ်သည်။ ဆက်လက်၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ရောက်ရှိလာခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးခြင်းတို့ကို အစဉ်အမြဲတံခါးဖွင့်ကြိုဆိုလျက်ရှိသည်။ မြန်မာနိုင်ငံသမိုင်းတွင် လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ပဋိပက္ခများဖြစ်ပွားနေသည်မှာ တိုင်းရင်းသားပြည်သူများ လိုလားမျှော်လင့်နေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် သင်ခန်းစာယူရမည့်အချက်ဖြစ်သည်။

စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာအောင် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကာ တိုင်းရင်းသားပြည်သူအား လုံးပူးပေါင်းပါဝင်ပြီး ဒီမိုကရေစီနိုင်ငံတော်ကိုတည်ဆောက်မှသာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ တည်ဆောက်နိုင်မည်ဖြစ်သည်။ တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့၏ သဘောထားဆန္ဒများနှင့် မကိုက်ညီသူကိုရန်သူကဲ့သို့ သဘောထားပြီး ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းတို့သည် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှုမရှိဘဲ အကြမ်းဖက်လက်နက်ကိုင်ဝါဒ ဖြစ်နေသည်ကို သတိမူရမည်ဖြစ်သည်။ ထို့ပြင် ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲစိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုကိုပျက်ပြားစေပြီး နိုင်ငံတော်ကို အန္တရာယ်ကျရောက် စေနိုင်သည်။ ထို့ကြောင့် မတူကွဲပြားမှုများကို သဟဇာတဖြစ်အောင် ပေါင်းစည်း နေထိုင်နိုင်ရေးကို အလေးထားစဉ်းစားကြရမည်ဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းနေခြင်းသည် မိမိတို့တစ်စုတစ်ဖွဲ့အကျိုးလော၊ တိုင်းရင်းသားပြည်သူအားလုံးအတွက် အကျိုးလောဟူ၍ ခွဲခြားဆန်းစစ်ကြည့်ရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် “NCA စာချုပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆိုပြုချက်များနှင့်အညီ သက်ဆိုင်သူအားလုံး သဘောတူရေးဆွဲထားသည်ဖြစ်၍ ၎င်းလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာလျှင် မိမိတို့အားလုံးမျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသော အမွေအနှစ်တစ်ခုကို ချန်ထားရစ်ရန် လိုအပ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းများကို လျင်မြန်စွာလုပ်ဆောင်ရန်လည်း လိုအပ်ပါသည်ဟု ဖော်ပြပါရှိသည်။

လက်နက်ကိုင်နည်းလမ်းသည် မွန်မြတ်သည့်ရည်မှန်းချက်သို့ မရောက်နိုင်သည်ကို တစ်ကမ္ဘာလုံးသိရှိကြသည့်အပြင် နှစ်ပေါင်း ၇၀ ကျော်ကြာလာပြီဖြစ်သည့် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများက လက်တွေ့သက်သေပြလျက်ရှိသည်။ တိုတောင်းလှသော လူ့ဘဝတစ်ခဏခံယူချက်ထက် နောင်လာနောက်သားမျိုးဆက်များအတွက် ငြိမ်းချမ်းသောအမွေအနှစ်ကို ချန်ထားခဲ့ခြင်းဖြင့် မှတ်ကျောက်တင်နိုင်ရန်၊ တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်နေကြသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးတည်ဆောက်နိုင်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အလျင် အမြန်ပါဝင်ကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း။          


No comments:

Post a Comment