Thursday, June 29, 2023

ငါးပုစွန် သယံဇာတများရေရှည်တည်တံ့စေရေး

 

ငါးပုစွန်မျိုးများ မပြုန်းတီးစေရေး၊ မျိုးကောင်းမျိုးသန့်ငါးများ တည်တံ့တိုးပွားကာ ရေရှည်ထုတ်ယူစားသုံးနိုင်စေရေးတို့အတွက် ငါးသားပေါက်သည့် မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် သက်ဆိုင်ရာကနှိုးဆော်လျက်ရှိသည်။ မိုးဦးကျဇွန်၊ ဇူလိုင်လတို့တွင် မြစ်ချောင်းအင်းအိုင်များ၌ သဘာဝအလျောက် ဥချသားပေါက်ကြမည့် အထီးအမငါးကြီးများ ဥချရန် နေရာရှာကာ ငါးရစ်တက်ကြသည်။ ယင်းကာလအတွင်း ဖမ်းဆီးခြင်းမပြုဘဲ ငါးများသားပေါက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ငါးတစ်ကောင်မှ ထောင်သောင်းနှင့်ချီ၍ ငါးများတိုးပွားလာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင်ပေါများပြီး ငါးနှင့် ရေ သယံဇာတပိုင်ဆိုင်မှု ကမ္ဘာ့အဆင့် ၁၄ တွင်ရှိသည်။ ရေချိုငါးလုပ်ငန်း ထုတ်လုပ်မှုအနေဖြင့် အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်ပြီး ပြည်တွင်းငါးထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းခန့်ရှိသည်။ သို့ရာတွင် နိုင်ငံ၌ လူဦးရေတိုးတက်များပြားလာခြင်းကြောင့် ငါးပုစွန်ဖမ်းဆီးမှု ပိုမိုများပြားလာခြင်း၊ လူနေမြို့ရွာများ တိုးချဲ့လာခြင်းကြောင့် ငါးပုစွန်များ ပေါက်ပွားရာနေရာများ ပျောက်ကွယ်သွားခြင်း၊ ငါးနေငါးထိုင်များ လျော့နည်းသွားခြင်း စသည့်အကြောင်းများကြောင့် ငါးပုစွန်သယံဇာတများ လျော့နည်းရှားပါးလာခြင်းနှင့်အတူ ငါးပုစွန်ထုတ်လုပ်နိုင်မှုမှာလည်း လျော့ကျလာလျက်ရှိသည်။ ယင်းသို့သောအခြေအနေတွင် ငါးသားပေါက်ချိန် ငါးရစ် ငါးသန်ငါးများကို ဖမ်းဆီးခြင်း၊ ရှော့ခ်တိုက်၊ အဆိပ်ချ၊ မိုင်းခွဲ စသည့်နည်းလမ်းများကို အသုံးပြု ဖမ်းဆီးခြင်းတို့က မြစ်ချောင်းအင်းအိုင် ရှိသမျှတို့တွင် ရေသာများ၍ ငါးမတွေ့သည့်အဖြစ်မျိုးသို့ ရောက်ရှိသွားစေနိုင်သည်။

သို့ဖြစ်ရာ ငါးလုပ်ငန်းဦးစီးဌာနက “ငါးရစ်ငါးသန်ဘေးမဲ့ချန်၊ ပုံမှန်စားသုံးမျိုးမသုဉ်း ၊ “ငါးရစ်တစ်ကောင်သုံးလရှောင်၊ ထောင်သောင်းတိုးပွားရေရှည်စား အစရှိသည့် ဆောင်ပုဒ်များဖြင့် ငါးသားပေါက်သည့်ရာသီတွင် ငါးမဖမ်းဆီးရေးအတွက် နှိုးဆော်လျက်ရှိသကဲ့သို့ ရေသတ္တဝါများ မျိုးပွားရာသီကာလတွင်ဖမ်းဆီးခြင်း၊ သယ်ယူစုဆောင်းခြင်းများမပြုလုပ်ကြရန် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ ထုတ်ပြန်တားမြစ်လျက်ရှိသည်။ ရေချိုငါးအားလုံးကို မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်အထိ သုံးလတာကာလအတွင်း ဖမ်းဆီးခြင်း၊ စုဆောင်းသိုလှောင်ခြင်း၊ ရောင်းဝယ်တင်ပို့ခြင်းတို့ မပြုလုပ်ရန်အသိပေးထားပြီးဖြစ်သည်။ ငါးပုစွန်မျိုးများမပြုန်းတီးဘဲ ရေရှည်ထုတ်လုပ်စားသုံးနိုင်ရန် ရည်ရွယ်ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို အသိတရားဖြင့် လိုက်နာစောင့်ထိန်းကြရန်လိုအပ်ပြီး တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေအရ ဖမ်းဆီးတရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ကိုလည်း သတိချပ်ကြရန်လိုသည်။

မြန်မာနိုင်ငံ၏ငါးထုတ်လုပ်မှု ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မက်ထရစ် တန်ချိန် ၆၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့သည်။ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ) တွင် လယ်ယာကဏ္ဍကြီးမှ ၂၃ ဒသမ ၇ ရာခိုင်နှုန်းပါဝင်ရာ ငါးကဏ္ဍမှ ၅ ဒသမ ၂ ရာခိုင်နှုန်းပါဝင် သည်။ ရေချိုရေငန်ငါးလုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်းနေကြ သူ နိုင်ငံသား ၃ ဒသမ ၂ သန်းခန့်ရှိနေရာ စိုက်ပျိုးရေးကဏ္ဍပြီးလျှင် ဒုတိယအကြီးမားဆုံးဖြစ်သည်။ ရေချိုငါးလုပ်ငန်းတွင် ဂရန်အင်း ပေါင်း ၃၇၀၀ ကျော်၊ တင်ဒါချက်ပေါင်း ၃၈၀၀ ခန့် လုပ်ကိုင်ခွင့်ပြုထားသည်။ ငါးသယံဇာတများ လျော့နည်းကျဆင်းနေရာတွင် ရေချိုငါး ဈေးကွက်အတွင်း ငါးမြစ်ချင်း၊ ငါးကြင်းစသော မွေးမြူရေးငါးများကို သာ အတွေ့ရများနေပြီး ငါးရံ့၊ ငါးကျည်း၊ ငါးခူ၊ ငါးပြေမကဲ့သို့သော တိုင်းရင်းငါးမျိုးများမှာ ရာသီချိန်တွင်သာ အနည်းငယ်တွေ့ရသည် အထိ ရှားပါးနေပြီဖြစ်သည်။

ပြည်တွင်းရေချိုငါးထုတ်လုပ်မှု တိုးတက်လာရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့နိုင်ရေးအတွက် ကောင်းမွန်ပြည့်စုံသည့် စီမံခန့်ခွဲမှုများလိုအပ်သလို ငါးကဏ္ဍတွင် ပါဝင်အသက်မွေးဝမ်း ကျောင်းပြုနေသူများကလည်း တာဝန်သိသူများအဖြစ် လိုက်ပါ ပူးပေါင်းဆောင်ရွက်ကြရန် လိုသည်။ ငါးမဖမ်းရ ရာသီများ သတ်မှတ်ခြင်း၊ ငါးမဖမ်းရ ဧရိယာများ သတ်မှတ်ခြင်း စသည်တို့မှာ ရေရှည်တွင် ငါးပုစွန်မျိုးစုံသယံဇာတများ ပြန်လည်ပေါများလာရေး၊ ငါးပုစွန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက်ဖြစ်ရာ ငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေသူများ၏ အကျိုး၊ စားသုံးသူများ၏အကျိုးနှင့် နိုင်ငံ့အကျိုးအတွက်ဖြစ်သည့်အလျောက် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment