Tuesday, June 6, 2023

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၁) သင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော် ဇွန် ၅

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၁)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှုနှင့် လူမှုစီးပွားဘဝ တိုးတက်မှုတို့သည် နိုင်ငံတော်၏ ပညာတတ်ပေါကြွယ်ဝမှု၊ နိုင်ငံသားများ၏ ပညာရည်မြင့်မားမှုတို့နှင့် တိုက်ရိုက်အချိုးကျသည့်အတွက် ပညာရေးကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေကြသော ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ ဆရာ ဆရာမများ ကိုယ်တိုင် ခံယူချက်၊ ယုံကြည်ချက်ခိုင်မာပြီး ပညာရည်ပြည့်ဝနေရန်၊ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေသော နည်းပညာများနှင့် ခေတ်စနစ်အခြေအနေကို အစဉ်လေ့လာဆည်းပူးနေမှသာ အနာဂတ်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော အသိပညာရှင်၊ အတတ် ပညာရှင်များ ထွက်ပေါ်လာမည်ဖြစ်သောကြောင့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် လေ့ကျင့်ပေးနေခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၉၃ ဦး၊ သင်တန်းသူ ၃၈၂ ဦး စုစုပေါင်း ၄၇၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ငါးပတ်ကြာမြင့်မည်ဖြစ်သည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များမှာကြားပြီး တက္ကသိုလ်၌ ဖွင့်လှစ်လျက်ရှိသောသင်တန်းများ၏ လေ့ကျင့်သင်ကြားနေမှုအခြေအနေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment