နေပြည်တော် ဇွန် ၅
မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ -၂ ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကော်ဖီအသင်းဥက္ကဋ္ဌနှင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်သည့်ဒေသများမှ စိုက်ပျိုးထုတ်လုပ်သူ အစုအဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
နိုင်ငံတကာဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ကော်ဖီပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသော နိုင်ငံတကာအဆင့်မီ ကော်ဖီများကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် လိုအပ်ချက်များ ကို အစိုးရဌာနများ၊ အသင်းအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ဝင် နိုင်ငံ၏စံချိန်စံညွှန်းဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာ့ကော်ဖီကို အမေရိက၊ ဥရောပနှင့် အာရှဒေသတို့မှ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ တင်ပို့လျက်ရှိပါကြောင်းနှင့် ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ ဆက်လက်တိုးမြှင့်တင်ပို့နိုင်ရေး စိုက်ပျိုးထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန်
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာများနှင့် ကော်ဖီအသင်းမှ တာဝန်ရှိသူများက မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကော်ဖီပို့ကုန်မြှင့်တင်ရေးနှင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment