Tuesday, June 6, 2023

အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရန်အတွက် လက်ရှိသဘာဝနယ်မြေ (Protected Area) များအား စနစ်တကျထိန်းသိမ်းကာကွယ်နိုင်ရေးဆွေးနွေး

နေပြည်တော် ဇွန် ၅

ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတထိန်းသိမ်းရေး သုတေသနနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းအဖွဲ့ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ အတည်ပြု သတ်မှတ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စား လှယ်များ၊ ဆက်စပ်ဌာနများ၊ တက္ကသိုလ်များ၊အသင်း အဖွဲ့များ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

လုပ်ငန်းတာဝန်များတိကျစွာ ရေးဆွဲထား

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲထားရှိရာတွင် မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ကျရောက်နေသော ငါးမျိုးစိတ်များအား ကာကွယ်ခြင်း၊ ငါး အလွန်အကျွံ ဖမ်းဆီးခြင်း မဖြစ်စေရေးအတွက် ဂေဟစနစ်ကို အခြေခံသော ငါးဖမ်းနည်းများအသုံးပြုရေး၊ အဏ္ဏဝါနယ်မြေများ တိုးချဲ့ထူထောင်ရေး လုပ်ငန်းများတွင် အဓိကဆောင်ရွက်ရမည့် ဌာနများ သတ်မှတ်ထားရှိပါကြောင်း၊ National Center for Marine Excellence စွမ်းရည်မြှင့်မားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနများ၊ တက္ကသိုလ်များအတွက် လုပ်ငန်းတာဝန်များ တိကျစွာ ရေးဆွဲထားရှိပြီးဖြစ်ပါကြောင်း။

ထို့အပြင် ရေပေါ်ရေအောက် သယံဇာတများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် နိုင်ငံအဆင့်ကမ်းရိုးတန်း သယံဇာတများ စီမံအုပ်ချုပ် လုပ်ကိုင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့ စသည်ဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း။

မြန်မာ့ပင်လယ်ရေပြင်၏ ငါးသယံဇာတတည်ရှိမှုကို နော်ဝေနိုင်ငံ Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် သုတေသန ပြုလုပ်တွေ့ရှိချက်အရ ၁၉၇၉-၁၉၈၀ ခုနှစ်များနှင့် နှိုင်းယှဉ်ကြည့်ပါကရေပေါ် ငါးများတွင် ၈၀ ရာခိုင်နှုန်း၊ ရေအောက်နေ ငါးများတွင် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ကို တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါလျော့နည်းလာသည့် ငါးသယံဇာတများ ပြန်လည်တိုးပွားလာရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီမှု၊ အသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင် လုပ်ဆောင်နေမှုများဖြင့် ငါးမဖမ်းဆီးရ ရာသီများ ပြင်ဆင်သတ်မှတ်ခြင်း၊ Vessel Monitoring System ဖြင့် ငါးဖမ်းရေယာဉ်များအား စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ငါးလုပ်ငန်း အဖွဲ့ချုပ်များနှင့်ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တနင်္သာရီ ငါးဖမ်းရေပြင်အတွင်း လန်ပိကျွန်းအောက်ဘက်ရှိ ငါးဖမ်းကွက် ခြောက်ကွက်ကို Fish Conservation Zone သတ်မှတ်၍ ငါးဖမ်းဆီးမှုပိတ်ပင်ခြင်း စသည့်ထိန်းသိမ်းရေးလုပ်ငန်း များကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ယခုထက် ပိုမိုပေါင်းစပ်ဆောင်ရွက်ရန်နှင့် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရေးအတွက် လုပ်ငန်းများ၏ ရည်ရွယ်ချက်၊ အကျိုးရလဒ်များကို အများပြည်သူ ပိုမိုသိရှိနားလည်သဘော ပေါက်လာပြီး ပူးပေါင်းဆောင်ရွက်လာစေရေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ဂေဟစနစ်ဆိုင်ရာ ထွက်ကုန်အမျိုးမျိုး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယနေ့အစည်းအဝေးတွင် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတထိန်းသိမ်းရေး သုတေသနနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းအဖွဲ့၏ လုပ်ငန်းတာဝန် (၁၁) ချက်ကို အခြေခံဆွေးနွေးသွားကြရန်ဖြစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော် ဂေဟစနစ်တွင် ငါးပုံတစ်ပုံ ပါဝင်သော မြန်မာ့ပင်လယ်ကမ်းရိုး တန်းရှိ သဲသောင်ကမ်းခြေဂေဟစနစ်၊ ဒီရေတော ဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟစနစ်၊ ပင်လယ် မြက်ခင်းဂေဟစနစ်၊ ကျွန်းဂေဟစနစ်နှင့် အဏ္ဏဝါဂေဟစနစ်ဆိုင်ရာ ထွက်ကုန်အမျိုးမျိုးနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးလျက်ရှိကြောင်း။

ရိုးရာအမွေအနှစ်ထိန်းသိမ်းခြင်း

ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းအတွက် အချက်အချာကျပြီး နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း များ ဖွံ့ဖြိုးနိုင်ခြေရှိသည့် သဘာဝအတိုင်း တည်ရှိနေသော ကမ်းခြေနှင့် ကျွန်းများရှိနေခြင်းကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်သည့် အခြေအနေရှိကြောင်း၊ ကမ်းရိုးတန်းဒေသတွင် နေထိုင်လျက်ရှိ သည့် တိုင်းရင်းသားဒေသခံပြည်သူများ၏ စုံလင်သည့် ရိုးရာအမွေအနှစ်ထိန်းသိမ်းခြင်း စသည့်အခွင့်အလမ်းများစွာရှိနေသည်ကို တွေ့ရမည်ဖြစ် ကြောင်း။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရန် ပင်လယ်ကမ်းရိုးတန်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ၆ ခုတွင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ကော်မတီများနှင့် ခရိုင်အဆင့်ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သကဲ့သို့ လုပ်ငန်းများ ပိုမိုလေးနက်စွာဆောင်ရွက်နိုင်ရန် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတ ထိန်းသိမ်းရေး သုတေသနနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝေလင်းမောင်က အဏ္ဏဝါသယံဇာတ ထိန်းသိမ်းရေး၊ သုတေသနနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းအဖွဲ့ ဖွဲ့စည်းရန် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် မြန်မာ့ပင်လယ်ကမ်းရိုးတန်းရှိ အဏ္ဏဝါသယံဇာတ ထိန်းသိမ်းရေးအတွက် ငါးသယံဇာတတည်ရှိနေမှုနှင့် ငါးမျိုးစိတ်များ ပျံ့နှံ့တည်ရှိနေမှုကို လေ့လာရန်၊ ရေငန်ဂေဟဆိုင်ရာ အချက်အလက်များအလိုက် ငါးများပြောင်းလဲ ကျက်စားနေမှု အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် ငါးများ၏ ဥနှင့်သားလောင်းများ၏ ပေါက်ပွား ကြီးပြင်းရာအချိန်၊ ဒေသနှင့်ထိန်းသိမ်းကာကွယ်ရန် လိုအပ်သည့်မျိုးစိတ်(Species)များအား မှတ်တမ်းတင်ခြင်း၊ ထုတ်ပြန်ကြေညာခြင်းများ ဆောင်ရွက်ရန်၊ မြန်မာ့ပင်လယ်ပြင်ရှိ သယံဇာတများကို နှစ်ပေါင်းများစွာ ရေရှည်ဖမ်းဆီး၍ ကောင်းစွာစီမံခန့်ခွဲရန်အတွက် မရှိမဖြစ်လိုအပ်သော တိကျခိုင်မာသည့် သတင်းအချက်အလက်များကို အခြေခံ၍ ရေရှည် တည်တံ့နိုင်သော ငါးလုပ်ငန်းစီမံခန့်ခွဲမှု ဖြစ်လာ စေရေး ဆောင်ရွက်ရန်၊ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲ များ အဏ္ဏဝါဂေဟဗေဒဆိုင်ရာ အချက်အလက်များနှင့် ငါးသယံဇာတ တည်ရှိမှုပမာဏကို အခြေခံ၍ နှစ်စဉ်ပုံမှန် မျိုးမပြုန်းတီးစေဘဲ ဖမ်းဆီးနိုင်သော ပမာဏ (Maximum Sustainable Yield – MSY)နှင့် ငါးများ၏တည်ရှိမှု ထုထည်ပမာဏ (Bio-mass)ကို လေ့လာဖော်ထုတ်သွားရန် ဝိုင်းဝန်းဆွေးနွေးကြသည်။

စနစ်တကျထိန်းသိမ်းကာကွယ်နိုင်ရေး

 ထို့အတူ မြန်မာ့ပင်လယ်ပြင်အတွင်း ပလတ်စတစ်ပါဝင်နေမှု အတိုင်းအတာအားလေ့လာပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို ကောင်းမွန်စွာ ချမှတ်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသရှိ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် လက်ရှိသဘာဝနယ်မြေ (Protected Area) များအား စနစ်တကျထိန်းသိမ်း ကာကွယ်နိုင်ရေး မှတ်တမ်းတင် သုတေသနပြုလုပ်ရန်၊ တရားမဝင် ငါးဖမ်းဆီးမှုများမရှိစေရေး လူထုပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်ရန်၊ ကမ်းရိုးတန်း‌ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများ အထောက်အကူပြုစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် အခြားအကျိုးဆက်စပ်သူများ ပုဂ္ဂလိက၊ ဒေသခံပြည်သူ၊ လူမှုရေးအဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment