Monday, June 26, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေးပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် တွေ့ဆုံ

 


နေပြည်တော် ဇွန် ၂၅

စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့နံနက်ပိုင်းတွင် ရှမ်း ပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)စက်ရုံ အစည်းအဝေးခန်းမ၌ ဝန်ထမ်း များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာန စီမံခန့်ခွဲရေးအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံစီမံကိန်း တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) မှ စက်ရုံမှူးနှင့် ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှင်းလင်းတင်ပြ

တွေ့ဆုံစဉ် စက်ရုံမှူးနှင့် တာဝန်ရှိသူများက စက်ရုံ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဆက်လက်ဆောင် ရွက်မည့်အခြေအနေ၊ အလုပ်ရုံအလိုက် လုပ်ငန်းလိုအပ်ချက်နှင့် ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

အားသွန်ခွန်စိုက် ဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းတွင် အောက်ဆီဂျင် ထုတ်လုပ်ရေး အလုပ်ရုံရှိ စက်ပစ္စည်းများ စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် တိတိကျကျ အစစ်ဆေးခံနိုင်ရေး နှင့် စီမံကိန်းပြန်လည်စတင်နိုင်ရေး အဆင်သင့်ဖြစ်အောင် ဆောင်ရွက် ထားရှိရန်လိုကြောင်း၊ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအပ်နှံဆောင်ရွက်မည့် လုပ်ငန်း များကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော လူစွမ်းအား အရင်းအမြစ်များ ဖြည့်ဆည်းနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရေး အလေးပေး ဆောင်ရွက်ရန်လိုကြောင်း၊ စီမံ ကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် သည်။

အေဂျင်စီများ ဖွဲ့စည်းထား

ဦးစွာ ပြည်ထောင်စုဝန်ကြီး က ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၌ ဒေသဆိုင်ရာ MSME ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီများ ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများလည်းရှိသည့်အတွက် အဆိုပါ တိုင်းနှင့် ဒေသများတွင်လည်း ဒေသဆိုင်ရာ MSME အေဂျင်စီများ ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အေဂျင်စီများအနေ ဖြင့် MSME များ မှတ်ပုံတင်ခြင်း ကိစ္စရပ်များကို ဆက်လက်ဆောင် ရွက်သွားရမည်ဖြစ်ပြီး အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လစဉ်လုပ်ငန်းကော်မတီသို့ အစီ ရင်ခံ တင်ပြရန်နှင့် လုပ်ငန်းကော်မတီမှ ဗဟိုကော်မတီသို့ စုစည်းသုံးသပ် တင်ပြအစီရင်ခံ သွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် MSME Web Portal မှတစ်ဆင့် Member Card လျှောက်ထားနိုင်ပြီး ငွေပေး ချေမှုကိုလည်း E- Payment နှင့် ပေးချေနိုင်ပြီဖြစ်ကြောင်း၊ မကြာမီ SME Member Card နှင့်အတူ SME ယာယီမှတ်ပုံတင် လက်မှတ်များကိုလည်း တစ်ပါတည်း ထုတ်ပေးသွားမည်ဖြစ်ပြီး ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းပြီးပါက မိုက်ခရိုအဆင့် လုပ်ငန်းများအတွက်ပါ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌက ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ များဆိုင်ရာကိစ္စရပ်များနှင့် MSME Web Portal ဆိုင်ရာကိစ္စရပ်များ၊ ချေးငွေရရှိရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာသူများမှ ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment