Monday, June 26, 2023

မုန်တိုင်းဒဏ်ခံနိုင်ရန် အရိပ်ရ လေကာပင်များကို ရှင်သန်ကြီးထွားအောင် စနစ်တကျ စိုက်ပျိုး

 


စစ်တွေ ဇွန် ၂၅

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန်စစ်တွေ မြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ရေချမ်းပြင်ဘူတာ၊ အားကစားနှင့် ကာယပညာသိပ္ပံ(စစ်တွေ)၊ ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အအုံ၊ ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မိုးရာသီကာလဖြစ်သဖြင့် ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ကြရန်၊ မုန်တိုင်းဒဏ်ခံနိုင်ရန် အရိပ်ရလေကာပင်များကို ရှင်သန်ကြီးထွားအောင် စနစ်တကျ စိုက်ပျိုးသွားကြရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်နှင့် သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်သွားကြရန် မှာကြားပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် ညှိနှိုင်ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ရောက်ရှိပြီး ဝိရူပက္ခနှင့် ပြည်တော်အေး-၂ သင်္ဘောများပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးပို့ရန် စီမံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေမြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြပြီး အထူးကုဆရာဝန်ကြီးများကမုန်တိုင်း ဒဏ်သင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှုနှင့် ဆေးကုသမှုခံယူနေကြသူများကို ကြည့်ရှုအားပေးပြီး အထူးကု ဆရာဝန်ကြီးများနှင့် ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူများထံ လက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အဆိုပါ ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါ၊ အဆုတ်နှင့် ရင်ခေါင်းရောဂါ၊ ဆီးနှင့် ကျောက်ကပ် ရောဂါ၊ ဦးနှောက်ရောဂါ၊ အာရုံကြောနှင့် အတက် ရောဂါ၊ အရိုးအဆစ် သွေးလေးဘက်နာရောဂါ၊ အစာ အိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ ဆီးချို နှင့် ဟော်မုန်းရောဂါ၊ သွေးရောဂါ၊ ကလေးသွေးရောဂါ၊ ကင်ဆာရောဂါနှင့် အထွေထွေရောဂါများကို ကုသ ပေးလျက်ရှိကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဆက်သွယ်ရေးမိုဘိုင်းစခန်းများ ထိခိုက် ပျက်စီးခဲ့ရာ ယနေ့အထိ မိုဘိုင်းစခန်းပေါင်း ၁၂၂၉ခု ကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ မိုဘိုင်းဖုန်း ဆက်သွယ်ရရှိမှုအနေဖြင့် ၉၉ ဒသမ ၆၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။        

သတင်းစဉ်

No comments:

Post a Comment