Saturday, June 17, 2023

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ


 

နေပြည်တော် ဇွန်၁၆

နိုင်ငံတော်၏သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များမပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့်သစ်တောထိန်းသိမ်း ရေးလုပ်ငန်းများတွင်အထောက်အကူပြုစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်ဒက္ခိဏသီရိ မြို့နယ်အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးဧရိယာ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့နှင့်ဦးစီးဌာနများမှ အရာရှိကြီးများနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင်စောင့်ရှောက်နိုင်ရေးတို့အတွက် သစ်တောသစ်ပင်များသည် လူ့ပတ်ဝန်းကျင်အတွက် များစွာအရေးပါကြောင်း၊ သစ်တောသစ်ပင်များကရေ၊ သယံဇာတများကိုထိန်းသိမ်းပြီး သဘာဝပတ်ဝန်းကျင်နှင့်ဂေဟ စနစ်ကိုသဟဇာတကျစေကြောင်း၊ “ဥတုရာသီတောကိုမှီ” ဟူသည့်အတိုင်း ရာသီဥတုကို ကောင်းမွန်စေကြောင်း၊ စိမ်းလန်းစိုပြည်မှုကိုဖြစ်စေသဖြင့် လူ့စိတ်နှလုံးကိုအေးချမ်းစေကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင်ရှင်၊ စိုက်သမျှအပင်ရှင်သန်စေရန် စတင်စိုက်ပျိုး သည်မှစ၍စဉ်ဆက်မပြတ်ပြုစုထိန်းသိမ်းသွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ ဒုတိယဝန်ကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၏ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့နှင့်ဦးစီးဌာနများမှ အရာရှိကြီးများ နှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများကသတ်မှတ်နေရာများတွင် သစ်ပင်များ စိုက်ပျိုးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့သည်တာဝန်ရှိသူများနှင့်အတူ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။

ယနေ့ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်း၊ ပျဉ်းကတိုး၊ မ‌ဟော်ဂနီ၊ ပိတောက်၊ မန်ဂျန်ရှား၊ သင်္ကန်း၊ မဲဇလီ၊ သပြေကြီး၊ မန်ကျည်း၊ ယမနေ စသည့်သစ်ပင် စုစုပေါင်း ၁၂၀၀ တို့ကို စုပေါင်း စိုက်ပျိုးကြသည်။

အလားတူ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ရုံးချုပ်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိရုံး၊ ဌာနများတွင်လည်းမိုးရာသီ သစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင်စားပင်များကိုတာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယနေ့တွင် သစ်ပင် ၄၁၁၉၀ တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment