Saturday, June 17, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် စစ်တွေမြို့ရှိနည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး


 

နေပြည်တော် ဇွန် ၁၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်သည် စစ်တွေမြို့၌ ရောက်ရှိနေစဉ်အတွင်း တာဝန်ရှိသူများနှင့်အတူရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သော စစ်တွေမြို့ရှိနည်းပညာတက္ကသိုလ် (စစ်တွေ) ၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (စစ်တွေ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှု၊ ဆက်လက်ပြင်ဆင်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ကျောင်းဆိုင်ရာကိစ္စရပ်များကိုတင်ပြကြသည်။

ဥပဓိရုပ်ကောင်းမွန်ရေး

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံစွာ သင်ကြားသင်ယူမှုများဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင်၊ ရေရှည်တည်တံ့ခိုင်မြဲအောင် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးဖြစ်သဖြင့် သင်ကြားသင်ယူမှုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ သင်ကြားရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ တက္ကသိုလ်နှင့်ကျောင်းများအားလုံး ဥပဓိရုပ်ကောင်းမွန်ရေးကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ကြည့်ရှုအားပေး

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများအား ပြင်ဆင်ဆောင်ရွက်နေမှု၊ စာသင်ခန်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment