Saturday, June 17, 2023

စိုက်ပျိုးနည်းပညာဖြင့် ထွက်ကုန်တိုးရေးကြိုးပမ်း

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ စိုက်ပျိုးရေးကို ရှေးအစဉ်အဆက်လုပ်ကိုင်လာခဲ့ကြရာ သမားရိုးကျလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ရာသီဥတု၊ မျိုး၊ မြေနှင့် သွင်းအားစုအခြေအနေအမျိုးမျိုးတို့ကြောင့် အထွက်ကောင်း၊ အထွက် တိုးရေး၌ မျှော်မှန်းသလောက် အောင်မြင်ဖြစ်ထွန်းမှုမရှိခဲ့ပေ။

နိုင်ငံတော်အစိုးရအနေဖြင့် “စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီနည်းစနစ်များဖြင့်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးစွမ်းအားမြင့်မားတိုးတက်ရေးကို အားပေးကူညီဆောင်ရွက်ပေးနေသည်။ စိုက်ပျိုးထွက်ကုန်များအရည် အသွေးမြင့်မားရေးနှင့်အထွက်နှုန်းကောင်းရေးအတွက် အဓိကလိုအပ်ချက်မှာ နည်းပညာပင်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် စိုက်ပျိုးထွက်ကုန်များ အရည် အသွေးကောင်းအောင် နည်းပညာကိုတီထွင်အသုံးချ ထုတ်လုပ်နိုင်သဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ရောင်းပန်းလှလျက်ရှိသည်။

မြန်မာနိုင်ငံတွင်စိုက်ပျိုးသီးနှံများစုံလင်အောင်ထွက်ရှိသော်လည်း နည်းပညာလိုအပ်ချက်ကြောင့် အရည်အသွေးနှင့်အထွက်နှုန်းတွင် အားနည်းချက်များရှိနေသည်။ ယခုအခါ နေပြည်တော်စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနနှင့် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနတို့က စပါးအထွက်နှုန်းကောင်းသည့် စိုက်ပျိုးနည်းပညာများကို ရှာဖွေဖော်ထုတ်မျှဝေပေးလိုက်ပြီ ဖြစ်သည်။ စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရှာစေးဖိုကျေးရွာအနီး တောင်သူသရုပ်ပြပညာပေးစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့်သရုပ်ပြခဲ့ရာ မြို့နယ်ရှစ်မြို့နယ်မှ စပါးစိုက်တောင်သူ ၃၀၀ ကျော် လာရောက်လေ့လာခဲ့သည်။

စိုက်ပျိုးသီးနှံအပင်များ ရှင်သန်ကြီးထွားရေးတွင် ရေဓာတ်လိုအပ်ချက်သည် အတိုင်းအတာပမာဏ အကန့်အသတ်ရှိသည်။ ယခု စပါးသားတက်ဆင့်ပွား နည်းပညာသရုပ်ပြစိုက်ခင်းတွင် စိုတစ်လှည့် ခြောက်တစ်လှည့် စိုက်ပျိုးရေပေးဝေသည့်စနစ်ဖြင့် စပါးပင်၏ရေလိုအပ်ချက်ကို တွက်ချက်၍ လိုအပ်သလောက်သာရေပေးဝေသည့်စနစ်ကို အသုံးပြုထားသည်။ စပါးသားတက်ဆင့်ပွားနည်းပညာသည် ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး မြေဩဇာကို စနစ်တကျအသုံးချနိုင်လျှင် မိခင် အပင်၏ အထွက်နှုန်းနှင့် ကွာခြားမှုမရှိသောအထွက်နှုန်းရရှိနိုင်သည်။ မိခင်အပင်ထက် သက်တမ်းတိုခြင်းကြောင့် တစ်နှစ်လျှင်သုံးသီး လွယ်ကူစွာစိုက်ပျိုးနိုင်သည်။ ပျိုးခင်းပြင်ဆင်ခြင်း၊ ကောက်စိုက်ခြင်း၊ မျိုးဝယ်ယူခြင်း၊ လုပ်အားခနှင့်စိုက်ပျိုးရေအသုံးပြုမှုကို လျှော့ချနိုင်ပြီး မိခင်အပင်ကဲ့သို့ မျိုးကောင်းမျိုးသန့်ရရှိနိုင်သဖြင့် အကျိုးများသည့်နည်းစနစ်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၌ တောင်သူအများစုသည် သီးထပ်စိုက်ပျိုးကြ သည်။ စပါးအနေဖြင့် မိုးစပါး၊ နွေစပါးနှစ်သီးစိုက်ကြသည်။ နိုင်ငံတော်၏ သီးထပ်စွမ်းအားတိုးတက်မြင့်မားစေရန် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးရေးကို စမ်းသပ်နိုင်ခဲ့ သည်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် “မျိုး၊ မြေ၊ ရေ၊ နည်း” ဤလေးမျိုးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ မိုးနည်းသောဒေသများတွင် စိုက်ပျိုးရေကိုချွေတာပြီး လိုသလောက်သုံးစွဲရေးသည် အလွန်အရေးကြီးသည်။ ယခုရေချွေတာရေးနည်းစနစ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ အထွက်တိုးသည့် မျိုးကောင်းမျိုးသန့်များ၊ ခေတ်မီစက်ကိရိယာများ၊ စိုက်ပျိုးရေရယူသည့်စနစ်များနှင့် စိုက်ပျိုးနည်းပညာများကို အသုံးပြုပြီး တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများတိုးတက်ပြီး တောင်သူများဝင်ငွေတိုးကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက် လာမည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် သွင်းအားစုကုန်ကျစရိတ်များ များပြားသဖြင့် ထုတ်လုပ်မှုစရိတ်ပိုလာပြီး စိုက်ပျိုးထုတ်ကုန်တန်ဖိုး မြင့်တက်လာသည်။ စိုက်ပျိုးထုတ်ကုန် ကုန်ကျစရိတ်များလျှော့ချနိုင်ရေး တောင်သူများအတွက်လိုအပ်လျက်ရှိရာ ယခုသရုပ်ပြမှုမှတစ်ဆင့် အဖြေကောင်းများ ရရှိလာမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့်သဘာဝဓာတ်မြေဩဇာများအသုံးပြုရေး၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ တိရစ္ဆာန်များမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာ အသုံးပြုနိုင်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ တိရစ္ဆာန်အစာများကို ပြည်တွင်း၌ လုံလုံလောက်လောက် ထုတ်လုပ်နိုင်မည်ဆိုပါက အသား၊ ငါးနှင့်ဥများ ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ တောင်သူလယ်သမားများအတွက် အကျိုးများသည့် စိုက်ပျိုးနည်း စနစ်များကို သုတေသနပြု ရှာဖွေဖော်ထုတ်ပြီး နိုင်ငံတစ်ဝန်းရှိတောင်သူများအား ထပ်ဆင့်မျှဝေပေးကာ စိုက်ပျိုးထွက်ကုန် အထွက်တိုးအောင် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။  

No comments:

Post a Comment