Wednesday, June 28, 2023

မူးယစ်ကင်းစင် ကျန်းမာပျော်ရွှင် ဘဝပတ်ဝန်းကျင်တည်ဆောက်

 



ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားအစီအစဉ်များကို (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (ဇွန်လ ၂၆ ရက်နေ့)တွင် တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားများတွင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စွမ်းဆောင်မှုများကို မြင်တွေ့ခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အမျိုးသားရေးအသွင်ဖြင့် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက် နိုင်မှုများကြောင့် ထိုနေ့က မူးယစ်ဆေးဝါးများ ဖျက်ဆီးခြင်းအခမ်းအနားများတွင် ဘိန်း ၁၁၃၀ ကီလိုကျော်၊ ဘိန်းဖြူ ၁၂၆၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ သန်းကျော်၊ အိုက်စ် ၂၁၀၆၉ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈ ကီလိုကျော်၊ ဆေးခြောက် ၈၄၁ ကီလိုကျော်၊ ကက်တမင်း ၄၉၉၁ ကီလိုကျော်၊ ဘိန်းညိုမှုန့် ၃၀၇ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး စုစုပေါင်း တန်ဖိုး မြန်မာကျပ်ငွေ ၉၃၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၄၆ သန်းကျော်) တို့ကို ဖျက်ဆီးနိုင်ခဲ့သည်။

မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေဖြင့် ဖြေရှင်းနေရသည့်ပြဿနာတစ်ခု မဟုတ်တော့ဘဲ နိုင်ငံတိုင်းသာမက တစ်ကမ္ဘာလုံးပါ သက်ဆိုင်နေသည့် လူသားမျိုးနွယ်တစ်ရပ်လုံး အကျုံးဝင် ရင်ဆိုင်ဖြေရှင်းနေရသော ပြဿနာဖြစ်သည်။ မျက်မှောက်ကာလတွင် နည်းပညာမြင့်မား တိုးတက်လာမှုနှင့်အတူ မူးယစ်ဆေးဝါးထုတ်လုပ်မှုပုံစံ အသွင်အမျိုးမျိုး ပြောင်းလဲပြုလုပ်လာကြပြီး တားဆီးကာကွယ်နှိမ်နင်းရေးအား ရှောင်ကွင်းနိုင်အောင် ကြိုးစားနေကြသည်ကို တွေ့ရမည်။ ထို့ကြောင့် လူ့အသိုက်အဝန်းအတွင်း မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ထိုးဖောက်မှုအန္တရာယ်များကြီးမားလာသဖြင့် ကာကွယ် တားဆီးနှိမ်နင်းရေးအပိုင်းတွင်သာမက မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ရေးအပိုင်းတို့ကိုပါ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် ဦးတည်ချက်များ ချမှတ်ထားသည်။ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ မူးယစ် ဆေးဝါးနှင့်မှုခင်းဆိုင်ရာရုံး (UNODC)၏ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့်ခွဲခြားနှိမ့်ချ ကင်းစင်ဝေး၊ ကာကွယ်ရေးကို အလေးပေး၊ လူသားအားလုံး ကျန်းမာရေးဆိုသည့်အတိုင်း လူသားအချင်းချင်း ခွဲခြားနှိမ့်ချမှု မရှိစေရေးနှင့် လူသားအားလုံးကျန်းမာရေးတို့ကို မြန်မာနိုင်ငံအနေဖြင့် အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။ အလားတူ မူးယစ်ဆေးဝါးသုံးစွဲသူများ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေး စသည်တို့ကိုဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်သည်။

လူသားအားလုံး၏ဘဝ အထူးသဖြင့် လူငယ်များ၏ ဘဝပတ်ဝန်းကျင်တစ်ခုလုံး မူးယစ်ဆေးဝါးဟူသည့် အန္တရာယ်ဆိုးကြီး ဝင်ရောက်မလာစေရန် ပြည်သူလူထုတစ်ရပ်လုံး အမျိုးသားရေးအသွင်ဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ကာ ကာကွယ်တွန်းလှန်ဖြိုဖျက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါး ကင်းစင်သည့်နိုင်ငံ (DRUG FREE NATION) ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နေပြည်တော်ကို မူးယစ်ဆေးဝါး ကင်းမဲ့ သည့်ဒေသ (DRUG FREE REGION) ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့ကို အရှိန်အဟုန်ဖြင့် တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ နှစ်စဉ် မူးယစ်ဆေးဝါးအမှုပေါင်းမြောက်မြားစွာနှင့် ဖမ်းဆီးရမိသည့်တရားခံများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေ ဖော်ထုတ်အရေးယူနိုင်ခဲ့သည်။

သို့ဖြစ်ရာ မူးယစ်ဆေးဝါးအန္တရာယ်သည် လူ့အသိုက်အဝန်းတစ်ခု၊ နိုင်ငံတစ်ခုအတွက် အန္တရာယ်တစ်ခုဖြစ်သည်သာမက တစ်ကမ္ဘာလုံးအတွက်ပါ ကြီးမားသည့် စိန်ခေါ်မှုကြီးဖြစ်နေသဖြင့် သုံးစွဲမှုကင်းစင်၊ ရောင်းဝယ်ဖောက်ကားမှု ပပျောက်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ လူသားများအားလုံး၏ ဘဝ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ပြီး ကျန်းမာပျော်ရွှင်သည့် လူ့အဖွဲ့အစည်းဖြစ်လာစေရန် ပြည်သူလူထုတစ်ရပ်လုံးက လက်တွဲညီညီ အားသွန် ခွန်စိုက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော် လိုက်ရပါကြောင်း။       

No comments:

Post a Comment