Wednesday, June 28, 2023

အိမ်နောက်ဖေးနှင့် အိမ်ဘေးမကျန် ဈေးဆိုင်တည်

 



အိမ်နောက်ဖေးတွင် ဈေးဆိုင်တည်ပါဟူသော မြန်မာဆိုရိုးစကား တစ်ခုရှိသည်။ မြေပိုကွက်လပ်များရှိနေတတ်သည့် အိမ်နောက်ဘက်တွင် ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးကြရန် ဆော်ဩထားခြင်းဖြစ်သည်။ ရာသီအလိုက် ဘူး၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါး၊ ချဉ်ပေါင်၊ ငရုတ်စသည်ဖြင့် စိုက်ပျိုးကြသည့်ဓလေ့များ ယခင်ကရှိခဲ့ကြသော်လည်း လူဦးရေတိုးပွား၍ မြေပိုများရှားလာ၊ ဟင်းသီးဟင်းရွက်ကို တန်ဖိုးနည်းနည်းနှင့် အလွယ်တကူဝယ်ယူစားနိုင်လာကြသည့်အခါ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်စားခဲ့ကြသည့် ဓလေ့များ ပျောက်ကွယ်လာသည်။

မိမိတို့နေ့စဉ်စားသောက်နေကြရသည့် အစားအစာများတွင် ကျန်းမာရေးနှင့် ညီညွတ်မျှတစေရန် လိုအပ်ချက်အရ ဟင်းသီးဟင်းရွက်များ မပါမဖြစ် ပါကြရသည်။ ဟင်းသီးဟင်းရွက် တစ်မျိုးစီတိုင်းတွင် ဗီတာမင်အာဟာရဓာတ်များ မတူကွဲပြားစွာပါရှိနေသည့်အတွက် အာဟာရစုံလင်အောင် နေ့စဉ်စားသုံးနိုင်ကြရန်လည်း လိုသည်။ ခေတ်ကာလ အလျောက် ဟင်းသီးဟင်းရွက်များကို ဝယ်ယူစားသောက် လာကြရသည့်အခါ အာဟာရဖြစ်မဖြစ်ဆိုသည်ထက် ဘေးအန္တရာယ်မဖြစ်စေရန်ပင် ဂရုပြုလာကြရသည်။ ဈေးကွက်တွင် တင်ပို့ရောင်းချရန် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ကြသည့်အခါ ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ သုံးစွဲခြင်း၊ အပင်ကြီးထွားရေး၊ အသီးအနှံများ ကြီးထွားရေးတို့အတွက် အပင်ဟော်မုန်းဆေးများ သုံးစွဲခြင်း၊ မျိုးဗီဇနည်းပညာများဖြင့် ဖန်တီးထားခြင်း၊ သစ်သီးများအရောင်လှစေ ရန်၊ ချက်ချင်းမှည့်စေရန် ဆေးများသုံးစွဲခြင်း စသည့်နည်းလမ်းများကို သုံးစွဲလာကြရာ ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ သီးနှံများက ကျန်းမာရေးထိခိုက်နိုင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ပါရှိလာသည်။

အိမ်ရှေ့၊ အိမ်ဘေး၊ အိမ်နောက်စသည်ဖြင့် မြေကွက်လပ်ငယ်များတွင် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်ဥယျာဉ်ငယ်များ ဖန်တီးစိုက်ပျိုးခြင်းအားဖြင့် အကျိုးကျေးဇူးအများအပြား ရရှိနိုင်သည်။ သန့်ရှင်းလတ်ဆတ်၍ ဘေးအန္တရာယ်ကင်းပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များ ရရှိနိုင်ခြင်း၊ အလွယ်တကူ ဆွတ်ခူးစားသုံးနိုင်ခြင်း၊ ငွေကုန်ကြေးကျ လျှော့ချနိုင်ခြင်း၊ ဥယျာဉ်ငယ်အတွင်း ရေလောင်း၊ ပေါင်းသင်၊ မြေဆွေးထည့်၊ အပင်ပြုစုရသည့်လုပ်ငန်းများကို နိစ္စဓူဝအချိန် မှန်ဆောင်ရွက်ရသောကြောင့် စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ကောင်းမွန်နိုင်ခြင်း၊ မိသားစုဝင်များအတူတကွ စုပေါင်းဆောင်ရွက်ကြခြင်းဖြင့် ညီညွတ်မှုနှင့် ပျော်ရွှင်မှုတို့ ရရှိနိုင်ခြင်းစသည်ဖြင့် ဟင်းသီးဟင်းရွက်ဥယျာဉ်ငယ် စိုက်ပျိုးရာမှ ရရှိနိုင်သော အကျိုးကျေးဇူးအများအပြားရှိသည်။ ဘူး၊ ဖရုံ၊ သခွား၊ ကြက်ဟင်းခါးကဲ့သို့သော နွယ်ပင်များ၊ ချဉ်ပေါင်၊ ဟင်းနုနယ်၊ ရုံးပတီကဲ့သို့သော စိမ်းလန်းသည့် အပင်ငယ်များ၊ နံနံ၊ ပူဒီနာ၊ ပင်စိမ်း၊ မြင်းခွာကဲ့သို့သော အပင်ကလေးများကို မျက်စိပသာဒဖြစ်အောင် လှပစွာစိုက်ပျိုး ထားခြင်းဖြင့် စားသုံး၍ရသလို အိမ်ကိုလည်း လှပစေသည်။

ယခုအခါ အိမ်ခြံဥယျာဉ်(Home Garden)များ စိုက်ပျိုးရေးအတွက် နိုင်ငံတော်က အားပေးလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ဟင်းသီးဟင်းရွက်ပျိုးပင်များ၊ မျိုးစေ့ထုပ်များ၊ မြေဩဇာထုပ်များ၊ စိုက်ပျိုးနည်းပညာပေး လက်ကမ်းစာစောင်များကို အချို့သော မြို့နယ်များတွင် ပြည်သူများအား ဖြန့်ဝေပေးလျက်ရှိသည်။ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်စားနိုင်သည့် ဟင်းသီး ဟင်းရွက်ဥယျာဉ်ငယ်များ တစ်နည်းအားဖြင့် အိမ်ခြံဥယျာဉ် (Home Garden) များမှာ နေ့စဉ်နေရောင်ခြည် ငါးနာရီမှ ခြောက်နာရီအတွင်းရရှိသော နေရာများတွင် အိုး၊ ပုံးခွံ၊ သေတ္တာစသည်တို့ကို အသုံးပြု၍ စိုက်ပျိုးနိုင်ခြင်းဖြစ်ရာ မိသားစုအတွက် ကောင်းကျိုးဝေဆာဖြစ်ထွန်းနိုင်သည့် အိမ်ခြံဥယျာဉ်များ ရာသီမပြတ် စိုက်ပျိုးနိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment