Sunday, June 25, 2023

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် လယ်ယာသုံးစက်ကိရိယာများ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးနှင့် လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး စနစ်တကျစီမံဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြား

 


နေပြည်တော် ဇွန် ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇွန် ၂၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင် ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနသို့ ရောက်ရှိပြီး ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးရောဂါစစ်ဆေးခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒိုးကွင် ဥယျာဉ်ခြံ၌ ဆေးဖက်ဝင်သစ်ခွနှင့် ရှားပါးသစ်ခွမျိုးများ မျိုးထိန်း၊ မျိုးပွားဆောင်ရွက်ထားရှိမှုကို ကြည့်ရှုပြီး တန်ဖိုးမြင့် သစ်ခွ မျိုးသစ်များ မျိုးပွားထုတ်လုပ်နိုင်ရေးနှင့် သစ်ခွစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးလာရေးအားပေး ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အတူ အောင်မြေသာစံမြို့နယ်ရှိ မွေးမြူရေးသုတေသနဦးစီးဌာန မွေးမြူရေးသုတေသနစခန်း (မန္တလေး)သို့ ရောက်ရှိကြပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ကြီးတံခွန် မြို့နယ်ရှိလယ်ယာသုံးစက်ကိရိယာအရည်အသွေးစမ်းသပ်စစ်ဆေးရေးဌာန၏ လယ်ယာသုံး စက်ကိရိယာအမျိုးမျိုး အရည်အသွေးစမ်းသပ်စစ်ဆေးခြင်း၊ ထွန်စက်နှင့် ရိတ်သိမ်းခြွေလှေ့စက် များ၏ စွမ်းဆောင်ချက် အရည်အသွေးနှင့် တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်မှု၊ စက်ကိရိယာများ၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်အသုံးခံနိုင်မှု ရှိ/မရှိ သိရှိ နိုင်ရေး စစ်ဆေးတိုင်းတာခြင်းလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဒေသအစိုးရများ၏ ကြီးကြပ်မှု ဖြင့် ဌာနပိုင်လယ်ယာသုံးစက်ကိရိယာများ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးနှင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစီမံဆောင်ရွက် ရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် နတ်ရေကန် ငါးလုပ်ငန်းစခန်း ငါးသားပေါက်ထုတ်လုပ်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြပြီး ဒေသခံ ငါးမွေးတောင်သူများ လိုအပ်သော ငါးသားပေါက်ထုတ်လုပ်မှုနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် လျက်ရှိသည့် ငါးမျိုးစိုက်ထည့်ခြင်းအတွက် ကျန်းမာသန်စွမ်းသော ငါးသားပေါက်များ ထုတ်လုပ်မှု လျာထားချက်ပြည့်မီရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ(အင်းကုန်း)သို့ ရောက်ရှိပြီး လယ်ယာသုံးစက်ကိရိယာများ ပြန်လည်ထုတ်လုပ်ဆောင်ရွက် နိုင်မည့်အခြေအနေ၊ လက်တွန်းထွန်စက်တပ်ဆင်ရေးအလုပ်ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမှာစာရင်းပေးပို့ထားသည့် မျိုးစေ့ချကိရိယာများ ထုတ်လုပ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment