Sunday, June 25, 2023

 


မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်ဖြင့်တိုက်ဖျက်

မူးယစ်ဆေးဝါးအန္တရာယ်သည် ကမ္ဘာတစ်ဝန်း၌ ကြီးထွားနေဆဲဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးအောင်ဖန်တီးလျက်ရှိသကဲ့သို့ ကမ္ဘာပေါ်ရှိနိုင်ငံများကိုပါ ခြိမ်းခြောက်အန္တရာယ်ပြုလျက်ရှိနေသဖြင့် နိုင်ငံအချင်းချင်းလက်တွဲပူးပေါင်းချိတ်ဆက်၍ ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်ကို တွေ့ရသည်။ မျက်မှောက်ကာလတွင် ဘိန်းကိုအခြေခံထုတ်လုပ်သည့် ဆန်းပြားသောမူးယစ်ဆေးဝါးအမျိုးမျိုးတို့ ကျယ်ပြန့်စွာ ထိုးဖောက်ဝင်ရောက်နေသည်ကို သတိပြုရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးအမျိုးမျိုးတို့ကို နည်းပညာနှင့် ဓာတုပစ္စည်းများအပေါ်အခြေခံ၍ ထုတ်လုပ်ထားသည်။ နည်းပညာနှင့်ဓာတုပစ္စည်းများ ထုတ်လုပ်နိုင်သည့် နိုင်ငံများကြားတွင် မြန်မာနိုင်ငံ၏ နယ်မြေဒေသလုံခြုံရေးအားနည်းမှုကို အကြောင်းပြု၍ မူးယစ်ဆေးဝါးအမျိုးမျိုး ထုတ်လုပ်ရောင်းဝယ်မှုများဖြစ်ပေါ်လာသည်။ ပြီးခဲ့သည့်ကာလက မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိသည့်ဖြစ်စဉ်များတွင် မူးယစ်ဆေးဝါးဈေးကွက်အတွင်း အမည်(အမယ်)သစ် မူးယစ်ဆေးဝါးများ ထပ်မံစိမ့်ဝင်ပျံ့နှံ့နေသည်ကို မီးမောင်းထိုးပြထားသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှုသည် မြန်မာနိုင်ငံအရှေ့ဘက်မှစတင်ပြီး အတွင်းပိုင်းတွင်ဖြတ်သန်းကာ အနောက်ဘက်သို့ ရောက်ရှိသွားကြောင်း ဖမ်းဆီးရမိသည့် သတင်းကွင်းဆက်များက ဖော်ပြနေ သည်။

မြန်မာနိုင်ငံတွင် တရားမဝင်ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများကို မကြာခဏမြင်တွေ့နေရသည်။ ခေတ်အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှု သိသိသာသာ ကျဆင်းလာခဲ့ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ခဲ့သည့် ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာအရသိရသည်။ မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ပင်လယ်ရေကြောင်း အပါအဝင် မူးယစ်ဆေးဝါးပြဿနာများပြားသည့်ဒေသများ၌ အထူးစစ်ဆင်ရေးများ ကို ၂၀၁၃ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။

ယနေ့အချိန်အထိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး (၃၁)ခု ဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ရွှေတြိဂံဒေသ၌ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ အထူးစစ်ဆင်ရေးများ ဆောင်ရွက်နိုင်သောကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဓာတုပစ္စည်းအများအပြားကို ဖမ်းဆီးနိုင်ခဲ့သည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှုများကို ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့ပြီး သယ်ဆောင် ရောင်းဝယ်ဖြန့်ဖြူးမှုများကိုလည်း ထိရောက်စွာအရေးယူနိုင်ခဲ့သည်။ ၂၀၂၀ ပြည့် နှစ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၁၃၉၆၀၊ ၂၀၂၁ ခုနှစ် မတ်လကုန်အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၂၈၃၃ မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တန်ဖိုးငွေကျပ်သန်း သုံးထောင်ခန့် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ခဲ့သည်။

ဘိန်းနှင့်ဘိန်းဖြူအပြင် နည်းပညာအဆင့်မြင့်ထုတ်လုပ်ထားသည့် စိတ်ကြွဆေးဝါးများ၊ အိုက်စ်ဟုခေါ်သည့် မက်အဖက်တမင်း၊ ကတ်တမင်းအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချရေးအတွက် ဓာတုပစ္စည်းထိန်းချုပ်ရေးကဏ္ဍသည် အရေးပါလာသည်။ နိုင်ငံအတွင်း မူးယစ်ဆေးဝါး ဓာတုပစ္စည်းထိန်းချုပ်ရေးကို တိုးမြှင့်ဆောင်ရွက်လာမှုကြောင့် မူးယစ်ဆေးဝါးများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ထားသော အသွင်ပြောင်းဓာတုပစ္စည်းများကို ပုံစံအမျိုးမျိုးထုတ်လုပ်လာကြသည်။ မြန်မာနိုင်ငံ၏ တည်နေရာအနေအထားအရ ဓာတုပစ္စည်းအမျိုးမျိုးထွက်ရှိသည့် အိမ်နီးချင်းစက်မှုဖွံ့ဖြိုးသည့်နိုင်ငံများကြားတွင် တည်ရှိသဖြင့် မူးယစ်ဆေးဝါး ဓာတုပစ္စည်းထိန်းချုပ်ရေးတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။ နောက်ဆုံးပေါ် ရေပန်းစားသည့် Happy Water ဟုခေါ်ဆိုသည့် စိတ်ကြွမူးယစ်ဆေးဝါးတစ်မျိုးသည် ထိုင်းနှင့်မြန်မာနိုင်ငံအတွင်းရှိ လူငယ်များကြားတွင် ပျံ့နှံ့လာသည်။ ၎င်းမူးယစ်ဆေးဝါးသည် မသုံးလျှင်မနေနိုင်လောက်အောင် စွဲလမ်းပြီး ငွေကုန်၊ စီးပွားပျက်၊ ဘဝပျက်ကာ ဘဝနိဂုံးချုပ်နိုင်သည်။

ကြိုတင်ကာကွယ်တားဆီးရေးကို ထိရောက်စွာဆောင်ရွက်နိုင်မှသာ အနာဂတ်လူငယ်များဘဝ စိတ်ချကောင်းမွန်မည်ဖြစ်သည်။ လူငယ်များသည် နိုင်ငံ၏အနာဂတ်အတွက် အားထားရမည့်သူများဖြစ်၍ မူးယစ်ဆေးဝါးသုံးစွဲမှုကင်းစင်ရေးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့က အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ မူးယစ်ဆေးဝါးအမျိုးမျိုး ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ဆက်လက်ကျယ်ပြန့်လျက်ရှိသဖြင့် လူသားများ လူညွန့်မတုံး ဘဝမပျက်အောင်၊ နိုင်ငံများ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်အောင် မူးယစ်ဆေးဝါးများကို အရှိန်အဟုန်ဖြင့် တိုက်ဖျက်နေသည့်တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းလက်တွဲကာ အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်သွားကြရမည်ဖြစ်ပါကြောင်း။      

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment