Sunday, June 25, 2023

စိုက်ပျိုးရေးကျောင်း ပျဉ်းမနားတည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

 


နေပြည်တော် ဇွန် ၂၄

စိုက်ပျိုးရေးကျောင်း ပျဉ်းမနားစတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းဝင်းအတွင်းရှိ နှစ်(၁၀၀)သက်တမ်း ရှေးဟောင်းအဆောက်အအုံရှေ့၌ ကျင်းပသည်။    

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင်များနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ စိုက်ပျိုး ရေးသိပ္ပံ ကျောင်းသားဟောင်းများနှင့် မျိုးဆက်သစ် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေးအထက်တန်း ကျောင်းသား ကျောင်းသူများနှင့် ဒေသခံတောင်သူလယ်သမားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားဟောင်းများက စိုက်ပျိုးရေးကျောင်း ပျဉ်းမနား စတင်တည်ထောင်ခြင်း နှစ် (၁၀၀) ပြည့် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင် နှင့် စိန်ပန်း၊ သပြေဘူတ၊ ငုရွှေဝါပင်များကို စိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည်သည်တော်များက အထိမ်းအမှတ် ကမ္ပည်းကျောက်စာနှင့် ရှေးဟောင်းအဆောက်အအုံကမ္ပည်းကြေးပြားကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ခေတ်အဆက်ဆက်က သုံးစွဲခဲ့သည့် ရှေးဟောင်းလယ်ယာသုံးစက်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် လက်သမားပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးကျောင်း ပျဉ်းမနားစမ်းသပ်ဖွင့်လှစ်ခဲ့သည့် Mr.Brayton Clarke Case (ဗိုလ်ကိတ်ကြီး) ကိုယ်တိုင်ရေးသား စပ်ဆိုခဲ့သော စိုက်ပျိုးရေးကျောင်းဩဘာသီချင်းဖြင့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ကျောင်းသူများက ဖျော်ဖြေကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်နေသော လူသားအရင်းအမြစ်များ၊ အသက်မွေးဝမ်း ကျောင်းဆိုင်ရာပညာရှင်များ သင်ကြားလေ့ကျင့် မွေးထုတ်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေး သိပ္ပံဌာနခွဲအောက်တွင် စိုက်ပျိုး ရေးသိပ္ပံကျောင်း ၁၅ ကျောင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပျဉ်းမနားစိုက်ပျိုးရေးကျောင်းကို လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့လေးနှစ်ကျော်ခန့်မှ စတင်၍ စိုက်ပျိုးရေးကျောင်းအဖြစ် တည်ထောင်ခဲ့ကြောင်း။

မှတ်တမ်းများအရ ၁၉၁၇ ခုနှစ်တွင် Mr.Brayton Clarke Case (ဗိုလ်ကိတ်ကြီး)က စိုက်ပျိုး ရေးကျောင်းကို စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် စိုက်ပျိုးရေးကျောင်းအဖြစ် တရားဝင် ဖွင့်လှစ်နိုင်ရေးလျှောက်ထားခဲ့ရာ စိုက်ပျိုးရေးကျောင်း (American Baptist Missionary (ABM) Agri-cultural School အဖြစ် ၁၉၂၃ ခုနှစ် ဇွန် ၆ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား ၃၉ ယောက် တက်ရောက်ခဲ့ကြောင်း၊ နှစ်(၁၀၀)ပြည့် သမိုင်းအထောက်အထားအဖြစ် ၁၉၂၃ ခုနှစ်၌ စိုက်ပျိုးရေး ကျောင်းသစ်အတွက် ဆောက်လုပ်ခဲ့သည့် လယ်ယာစက်မှုအဆောက်အအုံကို တွေ့မြင်နိုင်ကြောင်း၊ စိုက်ပျိုးရေးပညာသင်ကြားခဲ့သည့် သမိုင်းတွင်သာမက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအရလည်း သမိုင်းတန်ဖိုးကြီးမားသည်ကို တွေ့ရှိရကြောင်း။

၁၉၅၄ ခုနှစ် ဇွန် ၁ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော စိုက်ပျိုးရေးသိပ္ပံအဖြစ် အဆင့်မြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး စိုက်ပျိုးမွေးမြူ ရေးပညာရှင်အမြောက်အမြားကို မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတော်တွင် အဆင့်မြင့်တာဝန်များအထိ ထမ်းဆောင်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေခဲ့ကြောင်း၊ ဆက်လက်၍လည်း စိုက်ပျိုးမွေးမြူရေးအတွက် အရည်အချင်း ပြည့်ဝသောစံပြကျောင်းအဖြစ် ဝိုင်းဝန်းကြိုးစားထိန်းသိမ်းသွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဧည့်သည်တော်များကို အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် ခေတ်အဆက်ဆက်စိုက်ပျိုးရေးပညာရပ် သင်ရိုးညွှန်းတမ်းပြခန်းများ၊ မျိုးစေ့ပြခန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုများ၊ စက်မှုလယ်ယာသုံးယာဉ်များ၊ ပစ္စည်းကိရိယာများ၊ စိုက်ပျိုးရေပေးဝေရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေးကျောင်း ပျဉ်းမနားစတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်ကအမှာစကားပြောကြားပြီး စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ဟောင်းများဖြစ်ကြသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ ချုပ် (အငြိမ်းစား) ဒေါက်တာမြင့်သောင်း၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းအုပ်ကြီး (အငြိမ်းစား) ဦးတင်ဆန်း၊ လက်ထောက်ကထိက (အငြိမ်းစား) ဦးချစ်ဝိုင်း၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် ဦးအောင်မိုးဟိန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားကြသည်။

ယင်းနောက် စိုက်ပျိုးရေး ကျောင်း ပျဉ်းမနား စတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် လိုဂို၊ ပန်းချီ၊ ကဗျာ၊ သီချင်းနှင့် အားကစားပြိုင်ပွဲ၌ ဆုရရှိသူများကို ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment