Tuesday, June 13, 2023

လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


နေပြည်တော် ဇွန် ၁၂

လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကထိက များနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ရန်ကုန်သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကထိကများနှင့် သင်တန်းသားများက အွန်လိုင်းမှ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မဟာဗျူဟာ ရည်မှန်းချက်များဖြစ်သည့် စစ်ဆေးရေးလုပ်ငန်း အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများသည် စစ်ဆေးရေးနှင့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုများတွင် ဝန်ထမ်းငယ်များကို ကြီးကြပ်ကွပ်ကဲရသူများဖြစ်သည့်အပြင် ဌာနစီမံခန့်ခွဲသူများ၏ လမ်းညွှန်မှုကိုလည်း လိုက်ပါအကောင် အထည်ဖော်ရသူများဖြစ်၍ အသိပညာ၊ အတတ်ပညာနှင့် အတွေ့အကြုံဗဟုသုတများ ပြည့်ဝနေရန် အထူးလိုအပ်ပါကြောင်း၊ ယခု သင်တန်းသည် စာရင်းစစ်စံများနှင့်အညီ စစ်ဆေးရေးလုပ်ငန်းစဉ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့လေ့ကျင့်သင်ကြားပို့ချမှု Job Training ပုံစံဖြင့် သင်ကြားပို့ချမည်ဖြစ်ရာ တန်ဖိုးထား၍ သင်ယူကြစေလိုကြောင်း၊ သင်တန်းမှ သင်ယူရရှိမှုများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်း၊ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရေး ကိုယ်တိုင်လေ့လာဆည်းပူးခြင်းတို့ဖြင့် မိမိတို့၏အရည်အသွေးကို မြှင့်တင်ကြစေလိုကြောင်း။

စာရင်းစစ်ဝန်ထမ်းများသည် ပြည်သူ့ဘဏ္ဍာ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ထိန်းကျောင်း ပေးရသည့် ပညာရပ်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသူများ ဖြစ်သည့်အတွက် ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလျက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ရုံး၏အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံမှအားထားရသော ပညာရှင်ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်း၊ နေပြည်တော်ကျောင်းအုပ်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။

 အဆိုပါသင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ဒေသစာရင်းစစ်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိ စုစုပေါင်း ၁၆၉ ဦးတို့ကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် တစ်ပြိုင်တည်း ဇွန် ၁၂ ရက်မှ ဇူလိုင် ၇ ရက်အထိ ဘာသာရပ်ခြောက်ခုကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment