Tuesday, June 13, 2023

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် ဇွန် ၁၂

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိလူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား များ တက်ရောက်ကြသည်။

အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့သို့ အသစ်ဝင်ရောက်လာသည့် အငယ်တန်း စာရေးဝန်ထမ်းများအတွက် လုပ်ငန်းခွင်ဆိုင်ရာ အသိပညာများ မြှင့်တင်ပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့် ဘာသာရပ်များ၊ မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ လက်ရှိကျင့်သုံး ဆောင်ရွက်နေသော ဥပဒေ၊ နည်းဥပဒေကို သိရှိနားလည် တတ်ကျွမ်းကြပြီး ရုံးလုပ်ငန်းများတွင် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချလုပ်ကိုင်သွားနိုင် ရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်ရှင်/ အလုပ်သမားများ၏အကျိုး၊ အများပြည်သူများ၏အကျိုးကို ရှေးရှုပြီး နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ ဝန်ဆောင်မှုပေးနေသောဌာန အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း။

လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်လာစေဖို့၊ ခေတ်စနစ်နှင့်ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီသည့် လူမှုဖူလုံရေးစနစ်များကို အကောင်အထည်ဖော်နိုင်စေရန် ရေရှည်မျှော်မှန်းချက်များ ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်ကြံရမည့် ဥပဒေ၊ နည်းဥပဒေများအပြင် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်ကချမှတ်သည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ အောင်မြင်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို Hybrid Training ပုံစံဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အသစ်ဝင်ရောက်လာသည့် အငယ်တန်းစာရေးဦးရေ ၅၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၀ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment