စစ်တွေ ဇွန် ၁၂
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ စစ်တွေတက္ကသိုလ်သို့ ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် စစ်တွေမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရ တိုက်ကျွေးခြင်း စီမံချက်စတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ မြို့နယ်ပညာရေးမှူးများ၊ စစ်တွေမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဝိုင်းဝန်းကူညီဆောင်ရွက်ပေး
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြည်ထောင်စု၏ မည်သည့်နေရာ ဒေသတွင်မဆို ဘေးအန္တရာယ်များ ကျရောက်လာချိန်တွင် နိုင်ငံသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့၏ ညီအစ်ကိုမောင်နှမများ ဘေးအန္တရာယ်ကျရောက်သကဲ့သို့ခံစားပြီး စေတနာ၊ မေတ္တာဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း နိုင်ငံတော်အစိုးရနှင့်အတူ တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ကြသူအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်လျက်ရှိသည့်အပြင် ရေကောင်းရေသန့်များ သောက်သုံးနိုင်ရေးအတွက် ရေသန့်စက်နှင့် တစ်နိုင်ငံလုံးရှိ ကလေးငယ်များအား ဉာဏ်ရည်ဖွံ့ဖြိုးပြီး အာဟာရဖြစ်စေမည့် ပဲနို့တိုက်ကျွေးခြင်းစီမံချက်ကို စတင်ဆောင်ရွက်ပေးသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ မုန်တိုင်းအလွန်ကာလတွင် ရေကောင်းရေသန့်ရရှိရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူများ ရေကောင်းရေသန့်ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရေကောင်းရေသန့်ရရှိရေးအတွက် အရေးကြီးသည့်အချိန်တွင် ယခုကဲ့သို့ လှူဒါန်းသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက လှူဒါန်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စစ်တွေတက္ကသိုလ်အတွက် စုစုပေါင်း ငွေကျပ်သိန်း ၃၅၀ တန်ဖိုးရှိ ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ စစ်တွေမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရ တိုက်ကျွေးရေးစီမံချက်စာအုပ်တို့ကို ပေးအပ်လှူဒါန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ စစ်တွေတက္ကသိုလ် စာသင်ဆောင်များ ပြုပြင်ပြီးစီးမှု၊ ဆက်လက်ပြုပြင်သွားမည့် အခြေအနေနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုပြီး ပဲနို့ကြိတ်စက်ဖြင့် လက်တွေ့သရုပ်ပြ ပဲနို့ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် စစ်တွေမြို့ ပါဒလိတ်ကျေးရွာရှိ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်နှင့် စာသင်ခန်းများ ပြုပြင်ပြီးစီးမှု၊ ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုနှင့် ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ သီးစုံဒံပေါက်ထုပ်များအား ကျောင်းအုပ် ဆရာမကြီးထံသို့ ပေးအပ်သည်။
ယင်းနောက် စစ်တွေမြို့ အမြင့်ကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) သို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ယူနေမှုနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ အတွက် ပံ့ပိုးဖြည့်ဆည်းပေးရမည့်ကိစ္စရပ်များကို လှည့်လည်ကြည့်ရှုမေးမြန်းကာ ကျောပိုးအိတ် နှင့် သီးစုံဒံပေါက်ထုပ်များ ထောက်ပံ့ပေးအပ်သည်။
သီးစုံဒံပေါက်ထုပ်များ ပေးအပ်
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ ကွန်းတောင် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့ ရောက်ရှိကြပြီး အထွေထွေရောဂါ၊ အရိုး၊ ခွဲစိတ်နှင့် ကလေးအထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးအဖွဲ့ နယ်မြေကွင်းဆင်း၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လူနာများအား အားပေးစကားပြောကြား၍ သီးစုံဒံပေါက်ထုပ်များ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပုဏ္ဏားကျွန်းမြို့ မြို့မပရိယတ္တိ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပဏ္ဍိတနှင့် ကျောက်တော်မြို့ မေတ္တာဥယျာဉ်ပရဟိတ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္ဒာစာရတို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်း၊ နဝကမ္မ အလှူငွေများနှင့် ပရဟိတကျောင်းအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ပုံမှန်ထောက်ပံ့လှူဒါန်းငွေများအား ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် စံပြရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းဆောင်နှင့် စာသင်ခန်းများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ လက်ရှိပညာသင်ကြား သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု၍ ကူညီပံ့ပိုးပေးရမည့် ကိစ္စရပ်များကိုမေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အဆိုပါ စာသင်ကျောင်းများသို့ ရောက်ရှိစဉ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အထူးအလေးထား အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း ပုံမှန်ကျောင်းဖွင့်ရာသီတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန် ဦးစားပေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများ အခြေခံပညာပြီးဆုံးပါက မိမိတို့ဝါသနာပါရာ တက္ကသိုလ်များသို့ တက်ရောက်၍ အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရန် ယခုအချိန်ကတည်းက ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်း၊ ကောင်းမွန်စွာ ပညာသင်ယူနိုင်ရန်အတွက် ကျန်းမာနေရန်လိုကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အပြုအမူ၊ အနေအထိုင်၊ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် စံပြရပ်ကွက်နှင့် နတ်ဆိတ်ကျေးရွာကို ဆက်သွယ်ထားသည့် ဦးရာဇ်မင်္ဂလာကြိုးတံတားအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လိုအပ်သည်များ မှာကြား
ထို့နောက် ပုဏ္ဏားကျွန်းမြို့နယ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်းသို့သွားရောက်ပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းအဆောက်အအုံများ၊ စာသင်ဆောင်များနှင့် အလုပ်ရုံများ ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာ၌ ကျင်းပသည့် စုပေါင်းထွန်ယက်ခြင်းနှင့် မိုးစပါးမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့မှုများကို အလေးထား၍ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးလျက်ရှိရာ ဒေသခံတောင်သူများ မိုးရာသီအမီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထွန်ယက်ခြင်းနှင့် မျိုးစပါးလိုအပ်ချက်ကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စုပေါင်းထွန်ယက်ခြင်းနှင့် မိုးစပါးမျိုးစေ့ပေးအပ်ပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့က ကွန်းတောင်ကျေးရွာ တောင်သူ လယ်သမားများအတွက် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲက ထုတ်လုပ်သည့် ဆင်းသွယ်လတ်နှင့် ပေါ်ဆန်းရင်စပါးမျိုးစေ့အိတ်များကို ထောက်ပံ့ပေးအပ်ပြီး ထွန်စက်များဖြင့် သရုပ်ပြထွန်ယက်နေမှုကို ကြည့်ရှုအားပေးကြသည်။
ညနေပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေမြို့ ကုလားတန် ဘက်စုံသုံးဆိပ်ကမ်းသို့ရောက်ရှိကြပြီး MCL-3 ၊ MCL-5 နှင့် CHARITES သင်္ဘောများပေါ်မှ လျှပ်စစ်မီးတိုင်၊ ဆက်သွယ်ရေးတိုင်၊ သစ်နှင့်ဆန်အိတ်များအား မော်တော်ယာဉ်များပေါ်သို့ လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် တင်ဆောင်နေမှုကိုလည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများတင်ဆောင်၍ မြောက်ဦး၊ မြေပုံ၊ မင်းပြားမြို့နယ်တို့သို့ထွက်ခွာမည့် ကုလားတန်(၂) ရေယာဉ်နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့သို့ထွက်ခွာမည့် ကုလားတန် (၆) ရေယာဉ်တို့ဆိပ်ကမ်းမှ စတင်ထွက်ခွာမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment