ယဉ်ကျေးမှုဟူသည် လူတို့၏နေထိုင်ရာ ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု စသည်တို့အပေါ်တွင် အခြေတည်ပြီး ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းတစ်လျှောက် အတွေ့ အကြုံများမှ ပေါ်ထွန်းလာသည့် ဒြပ်ရှိ ဒြပ်မဲ့အရာများဖြစ်သည်။ သို့ဖြစ်ရာ လူမျိုး၊ လူမျိုးစု၊ လူမျိုးနွယ်အလိုက် နေထိုင်ရာဒေသ ကွဲပြားခြားနားသည်နှင့်အမျှ ယဉ်ကျေးမှုများသည်လည်း သီးခြားဝိသေသလက္ခဏာများဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှု များဖြစ်ထွန်းနေကြပြီး အတူတကွ နေထိုင်ခြင်း၊ အပြန်အလှန် ကူးလူးဆက်ဆံခြင်းတို့ဖြင့် ယဉ်ကျေးမှုများ ပေါင်းစည်းခြင်း၊ ရောယှက်ဆက်နွှယ်ခြင်း၊ ပြောင်းလဲတိုးတက်ခြင်းတို့လည်း ဖြစ်ပေါ်လာသည်။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် အတူတကွနေထိုင်ကြပြီး မတူကွဲပြားသော ယဉ်ကျေးမှုများ အတူယှဉ်တွဲတည်ရှိနေသည့် အရောင်အသွေး စုံလင်သော ယဉ်ကျေးမှုများနှင့် လှပသည့်ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ယဉ်ကျေးမှုဟူသည် လူမျိုးတို့၏ ဘဝရှင်သန်ဖြတ်သန်းမှု ဟန်ပန်များဖြစ်ရာ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုဟူ၍ ခွဲခြားနိုင်သည်။ တစ်နည်းအားဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ဒြပ်ရှိယဉ်ကျေးမှုဟူ၍ ခွဲခြားခြင်းဖြစ်ပြီး ဘာသာစကား၊ ရိုးရာဓလေ့ထုံးစံများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ရိုးရာယုံကြည်ကိုးကွယ်မှု၊ လက်မှုအနုပညာများနှင့် အနုသုခုမပညာရပ်များ စသည် တို့မှာ ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်၍ အဆောက်အအုံများ၊ လက်နက်ကိရိယာများ၊ အသုံးအဆောင်များ၊ လှေလှည်းယာဉ်များ၊ တူရိယာပစ္စည်းများ စသည်တို့မှာ ဒြပ်ရှိယဉ်ကျေးမှုများ ဖြစ်ကြသည်။ မြန်မာ့မြေပေါ်တွင် သမိုင်းတစ်လျှောက် ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော ယဉ်ကျေးမှုများအားလုံးသည် မြန်မာ့ယဉ်ကျေးမှုပင်ဖြစ်သည့်အလျောက် မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုသလို ထာဝရရှင်သန် တိုးတက်နေစေရန်အတွက်လည်း ဆက်လက် တည်ဆောက်ကြရန်လိုသည်။
မျက်မှောက်ကာလ နိုင်ငံများအနေဖြင့် ကမ္ဘာ့အလယ် နိုင်ငံတကာမျက်နှာစာတွင် ဂုဏ်သိက္ခာရှိရှိ၊ မားမားမတ်မတ် ရပ်တည်နိုင်ရန် အခြေခံအင်အား သုံးရပ်ဖြစ်သည့် ကာကွယ်ရေးအင်အား၊ စီးပွားရေးအင်အားနှင့် နိုင်ငံရေးအင်အားတို့ကို ခိုင်ခိုင်မာမာ၊ တောင့်တောင့်တင်းတင်းဖြစ်အောင် တည်ဆောက်ကြရသည်။ အဆိုပါအင်အားသုံးရပ် တောင့်တင်းခိုင်မာစေရန်အတွက် Hard Power ခေါ် ပါဝါအမာနှင့် Soft Power ခေါ် ပါဝါအပျော့တို့ကို လိုသလို ပေါင်းစပ်ကျင့်သုံးကြ ရသည်။ ပါဝါ၏ သဘောတရားမှာ “မိမိတို့အလိုရှိသည့် ရလဒ်ပေါ်ထွက်လာစေရန် ပြုလုပ်နိုင်သည့် အရည်အချင်း” ကို ဆိုလိုခြင်းဖြစ်ပြီး Soft Power ခေါ် ပါဝါအပျော့တွင် ယဉ်ကျေးမှုကဏ္ဍမှာ ကြီးကြီးမားမား ပါဝင်လျက်ရှိသည်။ မိမိတို့၏ယဉ်ကျေးမှုကို မြှင့်တင်ခြင်း၊ နိုင်ငံတကာက နားလည်လက်ခံလာစေရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ခြင်းနှင့် ယဉ်ကျေးမှုပို့ကုန်များ တင်ပို့ခြင်းတို့ကို ကမ္ဘာ့နိုင်ငံများစွာတို့က ဆောင်ရွက်နေကြချိန်တွင် အမှုမဲ့၊ အမှတ်မဲ့ မနေမိကြရန်လိုသည်။
လက်ရှိအချိန်တွင် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုမှာ စိုးရိမ်ဖွယ်ရာကောင်းအောင် တိုက်ခိုက်ခံနေရချိန်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားအများစု သုံးစွဲနေကြသော အင်တာနက် လူမှုကွန်ရက်များမှနေ၍ မိမိတို့လူ့အဖွဲ့အစည်း၏ နှုန်းစံတန်ဖိုးများ၊ ကိုးကွယ်သည့် ဘာသာတရား၊ စာပေနှင့်ဘာသာစကား၊ အစဉ်အလာထုံးဓလေ့များ စသည်တို့ကို ပုံပျက်ပန်းပျက်ဖြစ်စေရန် ဖျက်ဆီးလျက်ရှိသည်။ နိုင်ငံတွင် နိုင်ငံရေးအရ အမြင်ကွဲပြားခြားနားမှုများ ရှိနိုင်သည့်တိုင်အောင် အမျိုးသားယဉ်ကျေးမှုဟူသည် ဖျက်ဆီးအပ်သောအရာ၊ ကွဲပြားခြားနား အပ်သောအရာ မဟုတ်ဘဲ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်အပ်သောအရာ၊ တိုးတက်ထွန်းကားအောင် မြှင့်တင်အပ်သောအရာသာလျှင် ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment