Tuesday, June 20, 2023

သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း အမျိုးသားရေးစိတ်ဓာတ်ဖြင့်ပါဝင်


ယနေ့ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသည့်အန္တရာယ်မှာ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် သို့မဟုတ် ပလတ်စတစ်ကဲ့သို့ စွန့်ပစ်အမှိုက် များအန္တရာယ်ဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှုများ လျှော့ချရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် ကုလသမဂ္ဂက တိုက်တွန်းထားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲကလည်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပလတ်စတစ်အန္တရာယ်နှင့် လျှော့ချဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြားထားသည်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်း၌ စွန့်ပစ်ပလတ်စတစ်တန်ချိန် သန်း ၄၀၀ ခန့်ထွက်ရှိနေသည်။ ၎င်းစွန့်ပစ်ပစ္စည်းများအနက် သုံးပုံတစ်ပုံသည် တစ်ခါသုံး ပလတ်စတစ်အိတ်များဖြစ်သည်။ နေ့စဉ်နေ့တိုင်း ကမ္ဘာတစ်ဝန်း၌ ပလတ်စတစ် အမှိုက်အပြည့်တင်ဆောင်ထားသောကားအစီးရေ ၂၀၀၀ ကျော်မှ စွန့်ပစ်ပစ္စည်းများသည် ပင်လယ်၊ သမုဒ္ဒရာ၊ မြစ်ချောင်းများနှင့် ရေကန်များသို့ ရောက်ရှိနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားသည်။ မြန်မာနိုင်ငံတွင်လည်း အထူးသဖြင့် မြို့ပြဒေသများ၌ တစ်ခါသုံးပလတ်စတစ်အိတ်များကို ဖောဖောသီသီ သုံးစွဲလျက်ရှိရာ နေ့စဉ်စွန့်ပစ်အမှိုက်များတွင် တစ်ခါသုံးပလတ်စတစ်အိတ်များ အများဆုံးပါဝင်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာ” နှင့် “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” တွင် ရည်မှန်းချက် ပန်းတိုင်ခြောက်ခုကို အခြေခံသတ်မှတ်ထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အဓိကဦးစားပေးဖြေရှင်းရန် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံသည် မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့် ဝါးကုန်ကြမ်းများ ပေါများသည့် နိုင်ငံဖြစ်သောကြောင့် တစ်ခါသုံးပလတ်စတစ်အစားထိုးသုံးပစ္စည်းများကို စနစ်တကျထုတ်လုပ်နိုင်သည့် အခြေခံရှိသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ်တောများ စနစ်တကျပြုပြင်ထိန်းသိမ်းစိုက်ပျိုးထုတ်လုပ်ခြင်းကို ကမ္ဘာတွင်စံပြအဖြစ် ကောင်းစွာပြုလုပ်နိုင်ကြောင်း၊ ပလတ်စတစ်အစားထိုး ပစ္စည်းမျိုးစုံ ထုတ်လုပ်ခြင်းကို သစ်တောများပြန်လည်ထိန်းသိမ်းခြင်းအနေဖြင့် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားထားသည်။

လတ်တလောလုပ်ဆောင်နိုင်သည့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ နယ်မြို့ကြီးများတွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာသပ်ရပ်ရေး၊ မြစ်ချောင်းကန်များ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ပလတ်စတစ်အမှိုက်များကင်းစင်ရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေးတို့ကို သက်ဆိုင်ရာဒေသအလိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။ မြို့နယ်စည်ပင် သာယာရေးကော်မတီများအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း ပလတ်စတစ်မသုံးစွဲရသောနေ့အဖြစ်သတ်မှတ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ အလားတူ လူဦးရေနှင့်ရောင်းဝယ်ဖောက်ကားမှုထူထပ်သော ရန်ကုန်မြို့အနေဖြင့်လည်း မြို့နယ်အလိုက် အပတ်စဉ်တိုင်း အဆိုပါနေ့ရက်များတွင် ပလတ်စတစ်အိတ်များ မသုံးစွဲရေးနှင့်အစားထိုး သုံးစွဲရေးကို အမျိုးသားရေးတာဝန်အဖြစ် ဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်သင့်ပေသည်။

မြို့နယ်အချို့တွင် စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် မြို့နယ်စားသုံးသူရေးရာ အဖွဲ့ဝင်များက မြို့နယ်အလိုက်ကွင်းဆင်း၍ ဈေးရောင်းချသူများအနေဖြင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အစားအသောက်နှင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား ရောင်းချကြရာတွင် ပလတ်စတစ်အစားထိုး ကြာဖက်၊ အင်ဖက်၊ ငှက်ပျော ဖက်နှင့်အသုံးမပြုတော့သည့် စက္ကူများဖြင့် ထုပ်ပိုးရောင်းချကြရန် တိုက်တွန်း ပြောကြားပြီး အသုံးပြုခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြရာ ပတ်ဝန်းကျင်တွင် ပလတ်စတစ်အန္တရာယ်ကင်းဝေးရေးအတွက် စံနမူနာပြလုပ်ဆောင်မှုများအဖြစ် ကြိုဆိုရမည်ဖြစ်သည်။ ရေရှည်တွင် ပလတ်စတစ်ထုပ်ပိုးမှုအစားထိုး သစ်တောထွက် ပစ္စည်းများအသုံးပြုမှုကို ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးကို အမျိုးသားရေးတာဝန်အဖြစ် မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့် သစ်တောထွက်ပစ္စည်းများဖြစ်သည့် သစ်နှင့် ဝါးမှထုတ်လုပ်သော ထုပ်ပိုးကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်သလို သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ခြိမ်းခြောက်လျက်ရှိသည့် ပလတ်စတစ်အန္တရာယ်များအား လျှော့ချနိုင်မည်ဟု ယုံကြည်ပါကြောင်း။           

No comments:

Post a Comment