ကမ္ဘာပေါ်တွင် ပလတ်စတစ်ကို စတင်ထုတ်လုပ်သုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ လွန်စွာအသုံးဝင်သည့် ပစ္စည်းဖြစ်သည့်အလျောက် ပလတ်စတစ်ပစ္စည်းမျိုးစုံတို့မှာ စက်ယာဉ်ယန္တရား အစိတ်အပိုင်းများမှသည် နေ့စဉ်လူနေမှုဘဝများအထိ မပါမဖြစ်ပါဝင်နေကြသည်။ သုံးစွဲပြီးနောက် စွန့်ပစ်လိုက်သော ပလတ်စတစ်များသည် နှစ်ပေါင်းရာနှင့်ချီ၍ မဆွေးမမြည့်နိုင်ဘဲ စုပုံလာလျက်ရှိရာ ပလတ်စတစ်အမှိုက်ပြဿနာသည် တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ကြီးလာနေသည့် ကမ္ဘာ့ပြဿနာတစ်ရပ်ဖြစ်နေသည်။ ထို့အပြင် သတင်းစာ စာလုံး တစ်လုံးအရွယ်အစားခန့်မှသည် သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်သော အရွယ်အစားအထိ လွန်စွာသေးငယ်သည့် မိုက်ခရိုပလတ်စတစ်ခေါ် ပလတ်စတစ် အမှုန်အမွှားကလေးများက လူတို့၏ပတ်ဝန်းကျင်နေရာ တိုင်းတွင်သာမက လူ့ခန္ဓာကိုယ်ထဲသို့ပင် ရောက်ရှိနေသည်ကို တွေ့ကြရပြီးနောက် ပလတ်စတစ်အန္တရာယ်ကို သတိပေးမှုများ ပို၍ကျယ်လောင်လျက်ရှိနေပြီဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ်ပလတ်စတစ်ပစ္စည်း မက်ထရစ်တန်ချိန် သန်း ၃၀၀ ခန့်ထုတ်လုပ်သုံးစွဲနေသည့်အနက် ထက်ဝက်ခန့်မှာ တစ်ခါသုံးပစ္စည်းများဖြစ်သည်ဟုဆိုသည်။ ရေသန့်ဘူးခွံများ၊ အစားအသောက်ထည့်သည့် တစ်ခါသုံးဘူးခွံ၊ ပုံးခွံ၊ ပုလင်းခွံများ၊ ကြွပ်ကြွပ်အိတ်များ၊ အအေးပိုက်များ စသည်တို့အပါအဝင် နေ့စဉ်တန်ချိန်ပေါင်း များစွာ သုံးစွဲစွန့်ပစ်နေကြသည်။ တစ်ခါသုံးပလတ်စတစ် ပစ္စည်းအများစုမှာ ပြန်လည်သုံးစွဲခြင်း(Reuse)၊ ပြန်လည် ပြုပြင်ထုတ်လုပ်ခြင်း (Recycle) တို့ မပြုလုပ်နိုင်ဘဲ ရေထု၊ မြေထုအပါအဝင် သဘာဝပတ်ဝန်းကျင်တစ်ခုလုံးကို ညစ်ညမ်းစေသည့် မဆွေးမမြည့်နိုင်သော အမှိုက်များအဖြစ် စုပုံလာနေပြီး လူနှင့်အခြားသက်ရှိ သတ္တဝါများကိုပါ အန္တရာယ်ပြုလာနေခြင်းဖြစ်သည်။
လေ့လာတွေ့ရှိချက်များအရ လူတစ်ဦး တစ်နှစ်လျှင် မိုက်ခရိုပလတ်စတစ်အပိုင်းအစပေါင်း တစ်သိန်းဝန်းကျင်ခန့် အစားအသောက်များ စားရာသောက်ရာမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နေကြသည်ဟုဆိုသည်။ အလေးချိန်အားဖြင့်ဆိုပါက လူတစ်ဦးချင်းစီတိုင်းသည် ရက်သတ္တတစ်ပတ်လျှင် မိုက်ခရိုပလတ်စတစ် ငါးဂရမ်ခန့် တစ်နှစ်လျှင် ဂရမ် ၂၅၀ ခန့် စားသုံးမိနေကြသည်။ လူ့ခန္ဓာကိုယ်အတွင်း မိုက်ခရို ပလတ်စတစ်များ ဝင်ရောက်မှုနှင့်စပ်လျဉ်း၍ ကျန်းမာ သန်စွမ်းသူ ၂၂ ဦးကို စစ်ဆေးရာတွင် ၁၇ ဦး၏ သွေးထဲ၌ မိုက်ခရိုပလတ်စတစ်ကို တွေ့ရှိခဲ့ရကြောင်း၊ လူတို့၏အဆုတ်နှင့် သွေးထဲတွင်သာမက ကိုယ်ဝန်ဆောင်မိခင်တို့၏ အချင်းထဲ တွင်ပါ မိုက်ခရိုပလတ်စတစ်ကို တွေ့ရှိထားရာ ဖြစ်လာနိုင်သည့် ဆိုးကျိုးများအနေဖြင့် နှလုံးသွေးကြောရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အူရောင်ခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်း၊ အာရုံကြောရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ မျိုးပွားမှု ထိခိုက်ခြင်းတို့ ဖြစ်နိုင်ကြောင်း ခန့်မှန်းထားပြီး ဆက်လက်လေ့လာမှုများပြုလုပ်လျက်ရှိကြောင်း သတင်းများတွင်တွေ့ရသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ မိမိတို့နိုင်ငံသည် ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် စွန့်ပစ်မှုတို့အတွက် ထိရောက်စွာစီမံခန့်ခွဲရန် လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်ထဲသို့ ပလတ်စတစ်အမှိုက် ၁၁၉ တန် နေ့စဉ်စွန့်ပစ်နေကြရာတွင် မြစ်ဝကျွန်းပေါ်ဒေသက နေ့စဉ် ပလတ်စတစ် ၃၂ တန်စွန့်ပစ်ခြင်းဖြင့် ပထမနေရာတွင်ရှိနေပြီး ရန်ကုန်မြို့က တစ်နေ့လျှင် ၂၉ တန်စွန့်ပစ်ခြင်းဖြင့် ဒုတိယနေရာတွင် ရှိနေခဲ့သည်။ မြန်မာ့ကမ်းရိုးတန်းဒေသများ၊ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းဒေသတွင် ပလတ်စတစ်ညစ်ညမ်းမှုရှိကြောင်း သုတေသနပြုတွေ့ရှိခဲ့ရာ မိမိတို့နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနည်းတူ ပလတ်စတစ် ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့အပေါ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၊ လျှော့ချခြင်း၊ ထိန်းချုပ်ခြင်း၊ ပညာပေးခြင်းနည်းလမ်းများဖြင့်ဆောင်ရွက်ကာ အခြားအော်ဂဲနစ်ထုတ်ကုန်များ အားပေးမြှင့်တင်သုံးစွဲခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရာတွင် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment