ဖျော်ဖြေမှုလည်းပါ အနုပညာလည်းမြောက်ပြီး နိုင်ငံနှင့်ပြည်သူကို အကျိုးပြုသည့် စွမ်းဆောင်ရှင်များသည် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များဖြစ်ကြသည်။ အကြင်နာလက်၊ အပြုံးမျက်နှာ၊ ကရုဏာနှလုံးသား၊ ချိုသာသောစကားများဖြင့် အများအကျိုးကို ထိရောက်စွာ သယ်ပိုးစွမ်းဆောင်နိုင်သူများသည် ပြည်သူချစ်သော အနုပညာရှင်များဖြစ်သည်။
ဖျော်ဖြေမှုဖြင့် ပြည်သူများ၏ စိတ်နှလုံးဘဝင်ကို လန်းဆန်းရွှင်ပြုံး ပီတိသုခဖုံးပြီး ရသအမျိုးမျိုးပေးစွမ်းကြသော အနုပညာရှင်များသည် ခေတ်အဆက်ဆက်တွင် ပြည်သူများအား စေတနာသန့်သန့်ဖြင့် ပေးဆပ်လာခဲ့ကြသည်။ အနုပညာရှင်များသည် ပြည်သူများအတွက် အသည်းနှလုံး၊ ပြည်သူများသည် အနုပညာရှင်များအတွက် အားပေးမြှင့်တင်ပေးကြသူများဖြစ်သည်။ ထို့ကြောင့် ပြည်သူနှင့် အနုပညာရှင်၊ အနုပညာရှင်နှင့် ပြည်သူများသည် အပြန်အလှန်အမှီသဟဲပြုနေကြရာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖေးမကူညီပေးကြရမည်ဖြစ်သည်။
အနုပညာရှင်များသည် ပြည်သူများအား စဉ်ဆက်မပြတ် ဖျော်ဖြေတင်ဆက်ပေးနေကြသလို နိုင်ငံတော်နှင့် ပြည်သူများအရေးကိစ္စများတွင်လည်း အနုပညာစွမ်းပကားဖြင့် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့ကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးဖြင့် ဒုက္ခအခက်အခဲရောက်ကြပြီး အကူအညီလိုအပ်နေသော ပြည်သူများ၊ နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ကြသော တပ်မတော်သားများ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ အင်အားများဖြစ်လာစေရေးအတွက် စိတ်ဓာတ်ခွန်အားများမြင့်မားလာအောင် အားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်သူချစ်သော အနုပညာရှင်များသည် ပြည်သူကို ထာဝစဉ်အလုပ်အကျွေးပြုခဲ့ကြသည်။ ပြုနေဆဲဖြစ်သည်။ အနုပညာရှင်များ၏ စိတ်ဓာတ်ခွန်အား အားပေးမြှင့်တင်ပေးမှုများကြောင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် အင်အားများဖြစ်စေခဲ့ သည်။ မကြာသေးမီက မြန်မာနိုင်ငံတွင် အလွန့်အလွန်အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းဒဏ်ခံစားခဲ့ကြရသည့် ပြည်သူများဘဝ မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် ပြန်လည်ထူထောင်ပေးနိုင်ရေးအတွက် နိုင်ငံတော်က အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ပေးနေချိန်တွင် အနုပညာရှင်များကလည်း မည်သူ၏ တိုက်တွန်းမှုမျှမပါဘဲ စိတ်စေတနာထက်သန်စွာဖြင့် အားတက်သရော ဝိုင်းဝန်းကူညီလှူဒါန်းခဲ့ကြသည်။
ထို့အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ထိခိုက်နစ်နာခဲ့ကြသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ နှစ်သိမ့်အားပေးခြင်း၊ လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။ ပြည်သူချစ်သော အနုပညာရှင်များ၏ အားပေးကူညီဖြည့်ဆည်းပေးမှုများကြောင့် မုန်တိုင်းဒဏ်ခံစားနေကြရသော ပြည်သူများ၏စိတ်ဓာတ်များ ပြန်လည်တက်ကြွပြီး လန်းဆန်းလာကြမည်ဖြစ်သည်။ ယခုတစ်ဖန် မုန်တိုင်းဒဏ်သင့်ပြည်သူများအား မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် နိုင်ငံတော်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ပေးလျက်ရှိရာတွင် အထောက်အပံ့တစ်ခုရရှိစေရန်အတွက် ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲ ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မုန်တိုင်းရန်ပုံငွေအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ပြည်သူချစ်သော ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာလောကသားများ စုပေါင်း၍ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီပံ့ပိုးကြရန် ရည်ရွယ်ချက်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖျော်ဖြေတင်ဆက်ခဲ့ကြခြင်းသည် ဝမ်းမြောက်စရာဖြစ်သည်။ ဤပဒေသာကပွဲကြီးကို စီစဉ်ကပြဖျော်ဖြေ ကူညီပံ့ပိုးကြရာ၌ လိုအပ်သော ငွေကြေးပစ္စည်းပစ္စယများအပြင် အနုပညာလောကသားတို့၏ ဖြူစင်သော မေတ္တာ၊ သန့်ရှင်းသောစေတနာတို့ကို တိုင်းပြည်လိုအပ်ချက်ရှိနေချိန်တွင် ထုတ်ဖော်ပြသနိုင်ခဲ့သည်။ အနုပညာလောကသားများ၏ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို တစ်တပ်တစ်အား ပါဝင်စွမ်းဆောင်ခဲ့ကြသောကြောင့် မုန်တိုင်းဒဏ်သင့်ပြည်သူများ၏ ကြေကွဲပူဆွေးနေသော စိတ်ခံစားမှုများပြေပျောက်၍ ပြန်လည်တက်ကြွ လန်းဆန်းလာလိမ့်မည်ဟူသော ယုံကြည်မှုဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြခြင်းဖြစ်သည်။
သို့ဖြစ်ရာ အနုပညာသည် ပြည်သူအတွက်၊ နိုင်ငံအတွက်ဟူသော မွန်မြတ်သောရည်ရွယ်ချက်ဖြင့် အစဉ်အလာမပျက် ထမ်းရွက်ခဲ့ကြသည့် ပြည်သူချစ်သော ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များ၏ ယနေ့စွမ်းဆောင်မှုများသည် အနုပညာရှင်ပီသမှုကို ထင်ဟပ်ပေါ်လွင်စေခဲ့ပေသည်။ ဆက်လက်၍လည်း အနုပညာစွမ်းပကားဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို ဆက်လက်သယ်ပိုး စွမ်းဆောင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။
No comments:
Post a Comment