Saturday, May 6, 2023

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

 


နေပြည်တော် မေ ၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်တာဝန်ခံများသည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှ ဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရှေးဦးစွာ နှုတ်ခွန်းဆက်စကားပြောကြားပြီး အော်သိုဒေါ့ ဘုန်းတော်ကြီးက နိုင်ငံတစ်နိုင်ငံတွင် ဘာသာရေးအဆုံးအမသည် အရေးကြီးပြီး ဘာသာရေးအဆုံးအမမရှိလျှင် ပျက်စီး၊ ကျဆုံးမှုများရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစု မှီတင်းနေထိုင်ပြီး ဘာသာရေးအဆုံးအမရှိနေခြင်းမှာ ကောင်းမွန်သောအခြေအနေဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ရုရှားလူမျိုးများနှင့် ရုရှားခရီးသွားများအတွက် အော်သိုဒေါ့ဘုရားရှိခိုးကျောင်းတစ်ကျောင်း တည်ထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ရုရှားလူမျိုးများအနေဖြင့် ၎င်းတို့ သွားရောက်လည်ပတ်သော နိုင်ငံများရှိ ရုရှားအော်သိုဒေါ့ဘုရား ကျောင်းများသို့ သွားရောက်လေ့ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရုရှား အော်သိုဒေါ့ ဘုရားကျောင်းရှိခြင်း ဖြင့် ရုရှားခရီးသွားဧည့်သည်များကို ဆွဲဆောင်မှု ဖြစ်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝမှုက ရုရှားခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင်မှုရှိနေပါကြောင်းနှင့် ဝန်ကြီးဌာနအတွက် ဆုမွန်တောင်းစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရုရှားလူမျိုးများသည် ဇွဲရှိ၊ ခိုင်မာမှုရှိပြီး သမိုင်းတွင် အခက်အခဲများကို ကျော်ဖြတ်နိုင် ခဲ့မှုများအား တွေ့ရှိရပါကြောင်း၊ ရုရှားအော်သိုဒေါ့ ဘာသာရေးအဖွဲ့အစည်းသည်လည်း ဇွဲရှိ ခိုင်မာသောအဖွဲ့အစည်းတစ်ခုဖြစ် သည့်အတွက် လေးစားရပါကြောင်း၊ မြန်မာနိုင်ငံရှိ လူဦးရေ အများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဘာသာရေးခွဲခြားမှုမရှိဘဲ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိပါ ကြောင်း၊ ယခုကဲ့သို့ ဝန်ကြီးဌာနသို့ လာရောက်တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံတွင် ရုရှားအော်သိုဒေါ့ ဘုရားကျောင်းတည်ထောင်ခြင်းက မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီးတို့က အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment