Saturday, May 6, 2023

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ (ပထမ)အကြိမ် အစည်းအဝေးကျင်းပ

 


နေပြည်တော် မေ ၅

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၏ ထိန်းချုပ် ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာ (ပထမ)အကြိမ်အစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီ တွင် နေပြည်တော်ရှိ ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်၍ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဝင်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် ဓာတုပစ္စည်းကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ နေပြည်တော်ကောင်စီနယ်မြေ မူးယစ်တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဝင်များက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက်က မြန်မာ နိုင်ငံတော် အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင် သည့် ဓာတုပစ္စည်းများကို ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ ဇယား ၁ နှင့် ၂ ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ သတ်မှတ်သည့် ဇယား ၃ ဖြင့် လည်းကောင်း စုစုပေါင်း ၃၉ မျိုးကို ထိန်းချုပ်ဓာတုပစ္စည်းများအဖြစ် သတ်မှတ်ထားပါကြောင်း၊ ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင်သိုလှောင်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း၊ အလားတူထိန်းချုပ်ဓာတုစာရင်းတွင် မပါဝင်သည့် အခြားဓာတု ပစ္စည်းများကို တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာမပါရှိဘဲ သိုလှောင်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ ပြုလုပ်ပါက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးဥပဒေဖြင့်လည်းကောင်း ကြပ်မတ်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။         

အခြားဓာတုပစ္စည်းများတွင်လည်း မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးချက်လုပ်ရာ၌ အသုံးပြုနိုင်သည့် ဓာတုပစ္စည်းရာခိုင်နှုန်းများစွာ ရောစပ်ပါဝင်သောဓာတုပစ္စည်းများကို အဓိကထား သိုလှောင်၊ သယ်ဆောင် ကြောင်း တွေ့ရှိရသဖြင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ကျယ်ပြန့်စွာ ဆောင်ရွက်ကြရန် လိုလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှုနှင့် အလွဲသုံးမှုကိစ္စရပ်များကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် စိစစ်ကြပ်မတ်ရာတွင် ထိန်းချုပ် ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလာကြောင်း၊ ဓာတုပစ္စည်းဖြစ် စဉ်များသည် ပြည်သူ့ဘဝလုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး မူးယစ် ဆေးဝါး ထုတ်လုပ်သူများထံသို့ မရောက်ရှိစေရေးအတွက် စိစစ်ကြပ်မတ်ရာတွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းနှင့် အသိပညာပေးရေးလုပ်ငန်းတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိန်းချုပ် ဓာတု ပစ္စည်းများ၊ အခြားဓာတုပစ္စည်းများကို အလွဲသုံးမှုနှင့် လမ်းလွဲရောက်မှုမှ ကာကွယ်နိုင်ရန် အတွက် အစိုးရ − ပုဂ္ဂလိက လက်တွဲ ဆောင်ရွက်မှု (Public-Private Partnership) “PPP” စနစ်ကို တည်ဆဲဥပဒေ များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်အရေးကြီးပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ကုမ္ပဏီ/လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပေါင်းစပ်ပြီး ထိန်းချုပ်ဓာတုပစ္စည်း များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဓာတုပစ္စည်းထိန်းချုပ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဆောင်ရွက်ရန်လမ်း ညွှန်ထားသည့် အချက်(၂၀)ကို သက်ဆိုင်ရာဌာနများအလိုက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင် ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်ချမှတ်ခဲ့သည့် ဓာတုပစ္စည်းထိန်းချုပ်ရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အချက်(၂၀) ကို အသေးစိတ်ချပြရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဝင်များ၊ ထိန်းချုပ် ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် ဓာတုပစ္စည်းကျွမ်းကျင် ပညာရှင်များ၊ ဆက်စပ်ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့ဝင်များမှ ဓာတုပစ္စည်းထိန်းချုပ်ရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွား ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment