Monday, May 29, 2023

မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ စတုတ္ထနေ့ကျင်းပ တရုတ်နိုင်ငံမှ လာရောက်ပြသသည့် လျှပ်စစ်ကားနှင့် ဆိုင်ကယ်များ စိတ်ပါဝင်စားစွာ လေ့လာ

 


နေပြည်တော် မေ ၂၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ပူးပေါင်း၍ မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ စတုတ္ထနေ့(နောက်ဆုံးနေ့)ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပရာ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာကြသည်။

ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ကုမ္ပဏီ ၆၅ ခုမှ ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် ၇၀ က ပြခန်းပေါင်း ၄၀ ခန့် ခင်းကျင်းပြသလျက်ရှိရာ Electric Vehicle (EV)မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်စက်ဘီးနှင့် ဆီသုံးဆိုင်ကယ်တို့ကို စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြသည်။

တရုတ်နိုင်ငံဘက်မှ လာရောက်ပြသသည့် Henan Feibo Vehicle Industry Co., Ltd. ပြခန်းက အရောင်းမိတ်ဆက် သည့် BOMA –X9 လျှပ်စစ်မော်တော်ယာဉ်သည် အကြမ်းဖျင်းဈေး ငွေကျပ် သိန်း ၁၂၀ ခန့် ဝန်းကျင်ရှိပြီး အမြန်နှုန်း ၅၅ ကီလိုမီတာ၊ မိုင်အားဖြင့် မိုင် ၁၀၀ ခန့်၊ အားသွင်းရာတွင်လည်း မိမိအိမ်ရှိ လျှပ်စစ်ဖြင့် ဗို့အား ၂၂၀ ဖြင့် အားသွင်း နိုင်ပြီး ၃ နာရီ၊ ၆ နာရီခန့်ကြာမြင့်သည် ဟု သိရသည်။ ထို့ပြင် BOMA-X7, BOMA- X5 လျှပ်စစ်မော်တော်ယာဉ်တို့သည်လည်း အကြမ်းဖျင်းဈေး ငွေကျပ်သိန်း ၈၀၊ ၆၅ သိန်းတို့ဖြစ်ပြီး အရောင်ကာလာအမျိုးမျိုးရှိကြောင်း သိရသည်။ BM-1.8 လျှပ်စစ်သုံးဘီးဆိုင်ကယ်သည် အကြမ်းဖျင်းဈေး ငွေကျပ် ၃၂ သိန်းခန့်ရှိပြီး တန်ချိန် ၁ တန်ခွဲ တင်နိုင်ကာ ဟိုက်ဒရောလစ် စနစ်ပါဝင်သည်။ N-9 လျှပ်စစ် ဆိုင်ကယ်အမျိုးအစားသည် အားသွင်းချိန် ၂ နာရီ ခန့်ရှိပြီး မိုင် ၃၀ ခန့် သွားနိုင်သည်ဟု သိရသည်။ ကုမ္ပဏီအနေဖြင့် မကြာမီတွင် ဈေးကွက်အတွင်းသို့ ရောင်းချသွားမည် ဖြစ်ပြီး ထိုလျှပ်စစ်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီဆိုင်ကယ်တို့ကို ကုမ္ပဏီဘက်မှ အစမ်းမောင်းနှင်ခွင့် ပေးထား၍ ဈေးဝယ်ပြည်သူများက စိတ်ဝင်တစား လာရောက်လေ့လာကြသည်။

နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန်မှ ထုတ်လုပ်လျက်ရှိသည့် Myanmar New Power Motorcycle Co.,Ltd. မှ တာဝန်ရှိသူ ဦးအောင်ကျော်ဝင်းကဒီကုန်စည်ပြပွဲမှာ ဆီသုံးဆိုင်ကယ်နဲ့ လျှပ်စစ်သုံး ဆိုင်ကယ်ဆိုပြီး နှစ်မျိုးပြသဖြစ်ပါတယ်။ လျှပ်စစ်သုံးဆိုင်ကယ်အမျိုးအစားကိုတော့ ဒီပြပွဲမှာ တစ်မျိုးတည်းပဲ ပြသပါတယ်။ ဒီလျှပ်စစ်သုံးဆိုင်ကယ်ရဲ့ အမြန်နှုန်းက အများဆုံး ကီလိုမီတာ ၁၀၀ အထိ မောင်းလို့ရပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာ အသစ်ဆိုတော့ တော်တော်များများက သိပ်မစီးရဲ ကြသေးပါဘူး။ အသံမထွက်ဘဲ ပြေးသွားတာဆိုတော့ လက်ရှိစီးနေကျ ဆိုင်ကယ်တွေနဲ့ ကွာဟမှုလေးတွေ ရှိနေတဲ့အတွက် မစီးရဲတဲ့သဘောဖြစ်နေပါတယ်။ အားသွင်းချိန်ကတော့ သုညကနေ အပြည့်ထိသွင်းမယ်ဆိုရင် ၇ နာရီ ခန့် ကြာပါတယ်။ အားအပြည့်သွင်း ထားမယ်ဆိုရင်တော့ မိုင် ၄၀ ကနေ ၅၀ အကြား သွားနိုင်ပါတယ်။ လျှပ်စစ်ဆိုင်ကယ်ကို အကြမ်းဖျင်းဈေး ငွေကျပ် သိန်း ၅၀ လို့ သတ်မှတ်ထားပါတယ်။ ဒီလျှပ်စစ်ဆိုင်ကယ်က အခုမှ အသစ်ဝင်တာဖြစ်တဲ့အတွက် လိုင်စင်ရရှိဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ချိတ်ဆက်နေဆဲ ဖြစ်ပါ တယ်။ အခုလောလောဆယ် စမ်းသပ်ကာလဖြစ်တဲ့အတွက် အရစ်ကျစနစ်တော့ မပေးသေးပါဘူး။ ထုတ်လုပ်မှုအားကောင်း လာရင်တော့ အရစ်ကျစနစ် ချပေးသွားဖို့ အစီအစဉ်ရှိပါတယ်။

နောက်တစ်မျိုးကတော့ ဆီသုံးဆိုင်ကယ် 110နဲ့ 125 ဆိုင်ကယ် အမျိုးအစားနှစ်မျိုး ပြသထားပါတယ်။ လိုင်စင်ပါ 125 ဆိုင်ကယ်ကို ငွေကျပ် ၁၆ သိန်းခွဲနဲ့ 110 ဆိုင်ကယ်ကို ငွေကျပ် ၁၆ သိန်းနဲ့ ရောင်းချပေးပါတယ်။ ဒီဆိုင်ကယ်နှစ်မျိုးကတော့ နောက်အပတ်ထဲမှာ လိုင်စင်ရမှာ ဖြစ်တဲ့အတွက် လာရောက်ဝယ်သူတွေဆီက မှတ်တမ်းလေးတွေ ယူထားပါတယ်။ လိုင်စင်ရရှိပြီဆိုရင်တော့ ဆက်သွယ် ပေးသွားမှာပါ။ နှစ်သက်ရာဆိုင်ကယ်တွေကို အစမ်းမောင်းနှင်ခွင့် ပေးထားတဲ့အတွက် ဈေးဝယ်သူတွေရဲ့ စိတ်ဝင်စားမှု တော်တော်ရပါတယ်ဟု ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံဘက်မှလာရောက်ပြသသည့် EV MALL Myanmar ကုမ္ပဏီပြခန်းတွင် ရောင်းချသည့် MG 4 (long Range) Standand, NETA Pro ,BYD Han နှင့် Honda ENS လျှပ်စစ်မော်တော်ယာဉ် အမျိုးအစားတို့သည် AC စနစ်ကို အသုံးပြုပါက အားသွင်းချိန် ၈ နာရီဖြစ်၍ DCစနစ်ကို အသုံးပြုပါက မိနစ် ၃၀ ခန့်သာ ကြာမြင့်ပြီး မိုင်အားဖြင့် မိုင် ၃၀၀ အထိ သွားနိုင်ကြောင်း သိရသည်။ ထိုမော်တော်ယာဉ် အမျိုးအစားများ၏ ဘက်ထရီနှင့် မော်တာတို့အတွက် အာမခံ ၈ နှစ်ပေးထားကြောင်းလည်း သိရသည်။

ကုန်စည်ပြပွဲတွင် လာရောက် ရောင်းချကြသည့် လူသုံးကုန်ပစ္စည်းအမျိုး အစားနှင့် ဆက်စပ်လျက်ရှိသည့် Yoma Bank ပြခန်းမှ တာဝန်ရှိသူ ဦးထွန်းထွန်းလင်းက ကျွန်တော်တို့ ဘဏ်နှစ် ၃၀ ပြည့်နဲ့ ဒီကုန်စည်ပြပွဲရက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားပါတယ်။ ဒီပြပွဲကို ပါဝင်ဖြစ်တဲ့ရည်ရွယ်ချက်က ဒီကုန်စည်ပြပွဲနဲ့ ကျွန်တော်တို့ဘဏ်ရဲ့ Product တွေနဲ့လည်း ကိုက်ညီပါတယ်။ ကျွန်တော်တို့ဘဏ်မှာ ကားအရစ်ကျ၊ အိမ်ရာချေးငွေတို့လည်း ရှိပါတယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်တွေလည်း လာကြည့်ကြမယ်လို့ ထင်ပါတယ်။ အဲဒီအတွက် ချေးငွေအမျိုးအစား အမျိုးမျိုးရှိတဲ့အတွက် သူတို့နဲ့ ကိုက်ညီတဲ့ချေးငွေတွေကို ကျွန်တော်တို့က ရှင်းပြချင်တာပါ။ ကျွန်တော်တို့ဘဏ်ရဲ့ လုပ်ဆောင်မှုတွေကို ဒီကုန်စည်ပြပွဲကနေတစ်ဆင့် လူများစွာကိုဖြန့်ကြက်ပြီး ပိုမိုသိနိုင်မယ်လို့ ထင်ပါတယ်ဟု ပြောကြား သည်။

မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲတွင် လက်ဝတ်ရတနာများ၊ အိမ်တွင်းအလှဆင် ပရိဘောဂအမျိုးမျိုး၊ အိတ်အမျိုးမျိုး၊ အဝတ်အထည်အမျိုးမျိုး၊ အစားအစာအမျိုးမျိုး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဒေသထွက်အစားအစာများ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ ကြွေပြား၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ၊ အင်ဗာတာ၊ ဘက်ထရီ၊ EV-Charging နှင့် ဆက်စပ်ပစ္စည်းများ၊ သစ်သားအချောထည်၊ ကိုးကန့်ရိုးရာအဝတ်အစားများနှင့် အသုံး အဆောင်ပစ္စည်းများ စသည်တို့ကို ခင်းကျင်းပြသရောင်းချလျက်ရှိရာ လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

စတုတ္ထအကြိမ်မြောက်ကျင်းပသည့် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သည်များအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် လာစေရေး၊ ကုန်သည်လုပ်ငန်းရှင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရေး၊ ခရီးသွားလုပ်ငန်းနှင့် စက်မှုနည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေး တို့အတွက် ရည်ရွယ်၍ကျင်းပခဲ့ခြင်းဖြစ်သည်။

အေးအေးသန့်၊ ဓာတ်ပုံ-ထိန်နန်နော်

No comments:

Post a Comment