Monday, May 29, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့ရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့

 



နေပြည်တော် မေ ၂၈

နေပြည်တော် လယ်ဝေးခရိုင် လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် တံတားဦးကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေ၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ နေပြည်တော် ဒုတိယမြို့တော်ဝန်၊ ကျေးရွာနေ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လေဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများ စနစ်တကျ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကော်မတီများဖွဲ့စည်း၍ ပြန်လည်နေရာချထား နိုင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ လမ်းသွယ်တိုးချဲ့ဖောက်လုပ်ခြင်းစသည့် ကူညီကယ်ဆယ်ရေးနှင့် လုပ်ငန်းထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ လေဘေးသင့်ပြည်သူများအတွက် အလှူရှင်များ လှူဒါန်းသည့်ပစ္စည်းနှင့်အလှူငွေများ အလေအလွင့်မရှိစေရေး စနစ်တကျ စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တံတားဦးကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ရေးပစ္စည်းများဖြစ်သော သစ်၊ သွပ်များနှင့် ထောက်ပံ့ငွေကျပ် ၇၇ သိန်းကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ စိုက်ပျိုးရေးမျိုးစေ့များ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တိရစ္ဆာန်အစာနှင့်ဆေးဝါးများကို လည်းကောင်း ထောက်ပံ့ပေးအပ်ကြသည်။

ကြည့်ရှုအားပေး

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တံတားဦးကျေးရွာ အခြေခံပညာကျောင်း ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများကို ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများနှင့် ယဉ်ကျေးလိမ္မာစာအုပ်များ ပေးအပ်ကာ ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အောင်မြင်ကုန်းကျေးရွာသို့ ရောက်ရှိပြီး လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ပြန်လည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်မြင်ကုန်းကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ရေးပစ္စည်းများ ဖြစ်သော သစ်၊ သွပ်များနှင့် ထောက်ပံ့ငွေကျပ် ၁၅၅ သိန်းကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး ပစ္စည်းများ၊ စိုက်ပျိုးရေးမျိုးစေ့များ၊ စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အောင်မြင်ကုန်းကျေးရွာ အခြေခံပညာကျောင်း ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများကို ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများနှင့် ယဉ်ကျေးလိမ္မာ စာအုပ်များကို ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီး ကျောင်းအတွင်း အဆောက်အအုံများ ပြန်လည် ပြင်ဆင် ဆောက်လုပ်နေမှုကို ကြည့်ရှုသည်။

လိုအပ်သည်များမှာကြား

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် စမ်းကလေး သုသာန် လေပြင်းတိုက်ခတ်ခံခဲ့ရသောကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများ ပြန်လည် ပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

တံတားဦးကျေးရွာရှိ တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် အိမ်ထောင်စု ၇၇ စု အတွက် ငွေကျပ် ၇၇ သိန်း၊ ဆန် ၂၄ ပြည်အိတ် ၃၅၅ အိတ်၊ ဆီ ၅၀၂ ပိဿာ၊ ကုလားပဲ 1 Kg ၉၃ အိတ်၊ သစ် ၁၅၄ တန်၊ သွပ် ၃၁၁၅ ချပ်၊ မျိုးစေ့(စုံ) ငါးမျိုး၊ စွမ်းအားမြှင့်မီးဖို ၈၉ လုံး၊ တိရစ္ဆာန် အစာအိတ် ၂၀ နှင့် အောင်မြင်ကုန်းကျေးရွာရှိ တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် အိမ်ထောင်စု ၁၅၅ စုအတွက် ငွေကျပ် ၁၅၅ သိန်း၊ ဆန် ၂၄ ပြည်အိတ် ၁၃၅၁ အိတ်၊ ဆီ ၁၀၀၄ပိဿာ၊ ကုလားပဲ 1 Kg ၁၆၇ အိတ်၊ သစ် ၃၁၀ တန်၊ သွပ် ၅၉၆၅ ချပ်၊ မျိုးစေ့(စုံ) ငါးမျိုး၊ စွမ်းအားမြှင့်မီးဖို ၁၆၆ လုံးနှင့် တိရစ္ဆာန် အစာအိတ် ၂၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment