Monday, May 8, 2023

မြန်မာ့ရုပ်ရှင်ထွန်းကားရှင်သန် ထိန်းသိမ်းမြှင့်တင်

 

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မေလ ၆ ရက်နေ့က နေပြည်တော်တွင် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ပြည်သူချစ်သော အနုပညာရှင်များနှင့် သုံးနှစ်သုံးမိုးကင်းကွာနေခဲ့ရာမှ ယခုကဲ့သို့ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်ပွဲအခမ်းအနားကြီးတွင် တစုတဝေးတည်း ပျော်ပျော်ရွှင်ရွှင် ဆုံစည်းနိုင်ခဲ့ကြသဖြင့် မြန်မာနိုင်ငံအတွက် ထူးခြားသည့် မင်္ဂလာရှိသောနေ့ ဖြစ်သည်။

ဖျော်ဖြေမှုလည်းပါ အနုပညာဂုဏ်လည်းမြောက်ပြီး နိုင်ငံနှင့်ပြည်သူအတွက်လည်း အကျိုးပြုသည့် ရုပ်ရှင်ဇာတ်ကားကောင်းများပေါ်ထွန်းရေးတွင် ပါဝင်စွမ်းဆောင်ကြသည့် ရုပ်ရှင်အနုပညာရှင်များနှင့် အတတ်ပညာရှင်များ၏စွမ်းဆောင် ချက်များကို အကဲဖြတ်ဆန်ခါတင် ဂုဏ်ပြုချီးမြှင့်ပေးသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်ရှင်လောကသားအားလုံး မျှော်လင့်တောင့်တကြသကဲ့သို့ မြန်မာရုပ်ရှင်ချစ်ပြည်သူအပေါင်းတို့ကလည်း တစ်ခဲနက်အားပေးရန် စောင့်မျှော်ခဲ့ကြသည်။ ယခု ရုပ်ရှင်လောကသားအားလုံးနှင့် ပြည်သူအားလုံးမျှော်လင့်ချက်ပြည့်ဝခဲ့ပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အစတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာ့ရုပ်ရှင်လောကသည် ရှင်သန်မှုမရှိဘဲ မှေးမှိန်တိမ်မြုပ်ခဲ့ရသည်။ မြန်မာ့ ရုပ်ရှင်လောကသားများအနေဖြင့် ခက်ခဲသောဘဝများကို ဖြတ်သန်းခဲ့ကြရသည်။ အခက်အခဲများကြားမှ ပြည်သူအတွက် မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းများကို ဖန်တီးပေးခဲ့ကြသော်လည်း အကဲဖြတ်ဂုဏ်ပြုချီးမြှင့်ခြင်း မပြုလုပ်နိုင်ခဲ့ပေ။ ယခုမြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို အခက်အခဲအနှောင့်အယှက် များကြားမှ အောင်မြင်စွာကျင်းပပြုလုပ်ဂုဏ်ပြုနိုင်ခဲ့သဖြင့် များစွာဂုဏ်ယူ ဝမ်းမြောက်ရမည်ဖြစ်သည်။

ရုပ်ရှင်အနုပညာရှင်များနှင့် အတတ်ပညာရှင်များ၏ ဖန်တီးလုပ်ဆောင်ချက်များမှာ ၎င်းတို့ဖန်တီးထားသောရုပ်ရှင်ဇာတ်ကား ထိုရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခွင့်ရသောကာလနှင့် ထိုခေတ်ကာလကို ဖြတ်သန်းနေကြသည့် ရုပ်ရှင်ကြည့်ပရိသတ် များအကြားတွင် ရှင်သန်မှု၊ ကျော်ကြားမှုနှင့် ချီးကျူးထောမနာပြုမှုတို့ရကြသည်။ ယခုဂုဏ်ပြုချီးမြှင့်ခဲ့သည့် သုံးနှစ်ပေါင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကြီးသည် အချိန်ကာလကွင်းဆက်ပြတ်ခဲ့သော ရုပ်ရှင်အနုပညာရှင်နှင့် အတတ်ပညာရှင်တို့၏ စွမ်းဆောင်မှုများကို မှေးမှိန်မပျောက်ကွယ်စေရေးအပြင် မြန်မာ့ရုပ်ရှင်လောက ပြန်လည်အသက်ဝင်ရှင်သန်လာရေးအတွက် ခွန်အားများဖြစ်လာစေမည်ဖြစ်သည်။

ရုပ်ရှင်ဆိုသည်မှာ ခံစားမှုနှင့်နည်းပညာ၊ အတတ်ပညာပေါင်းစပ်ထားသောဆန်းကြယ်သည့် ပုံဖော်ဖန်တီးမှုအနုပညာဖြစ်သည်။ တစ်နည်းအားဖြင့် ရုပ်ရှင်အတတ်ပညာသည် လူမှုဘဝကိုအသိပေးနှိုးဆော်နိုင်သည့် အတတ်ပညာ၊ ခံစားမှုရသမှတစ်ဆင့် စိတ်ဓာတ်ခွန်အားများပေးနိုင်သည့်အနုပညာ၊ လူအများ၏စိတ်နှလုံးကို ညွတ်ပြောင်းနှိုးဆွပြီး အသိပညာဗဟုသုတနှင့် ရသမျိုးစုံခံစားမှုတို့ကိုပေးစွမ်းနိုင်သည့် အတတ်ပညာဟုဆိုကြသည်။ ထို့အပြင် ရုပ်ရှင်အနုပညာသည် စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ၊ ရုပ်ရှင်ဆိုသည့် အနုသုခုမပညာ(၇)ရပ်ကို ပေါင်းစပ်ထားသော အနုပညာဖြစ်သည်။

ရုပ်ရှင်အနုပညာသည် နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဩဇာသက်ရောက်မှုရှိသည့် Soft Power တစ်ခု ဖြစ်သောကြောင့် အနုပညာရှင်များအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းစေရေးအတွက် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေမည့်အကြောင်းများတွင် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်လက္ခဏာများ ထိန်းသိမ်းနိုင်မှုရှိခြင်းသည်လည်း အပါအဝင်ဖြစ်သည်။ ယဉ်ကျေးမှုဟုဆိုရာတွင် လူများကိုယ်တိုင်ဖန်တီးရယူထားသည့် အနုပညာအစိတ် အပိုင်းတစ်ခုဖြစ်သော ရုပ်ရှင်အနုပညာလည်းပါဝင်သည်။ နိုင်ငံတစ်နိုင်ငံအတွက် ရုပ်ရှင်အနုပညာ ဖွံ့ဖြိုးတိုးတက်မှုသည် အင်အားတစ်ရပ်ဖြစ်၍ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေကြသည့် ရုပ်ရှင်ထုတ်လုပ်သူများမှအစ ရုပ်ရှင်အတတ်ပညာရှင်များ၊ သရုပ်ဆောင်များသာမက ကဏ္ဍအလိုက်ပါဝင်ဆောင်ရွက်ကြ သူအားလုံး၏ အခန်းကဏ္ဍအားလုံးသည် အရေးကြီးပေသည်။

သို့ဖြစ်ရာ ရုပ်ရှင်သည်ပြည်သူအတွက်၊ နိုင်ငံအတွက်ဖြစ်၍ ရုပ်ရှင်လောကသား အားလုံးနှင့် ရုပ်ရှင်ချစ်သူ ပြည်သူအပေါင်းတို့၏ စည်းလုံးညီညွတ်သောစွမ်းပကားဖြင့် မြန်မာ့ရုပ်ရှင်ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာရေးအတွက် တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ 


No comments:

Post a Comment