Monday, May 8, 2023

စိုးရိမ်မှုမလွန်စေနှင့်ပေါ့လည်း မပေါ့လျော့သင့်


 

လာမည့်ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းနှင့်စပ်လျဉ်း၍ ကောလာဟလများ ထွက်ပေါ်ပျံ့နှံ့နေသလို ပြည်သူလူထု အတွင်း၌လည်း စိုးရိမ်ပူပန်မှုများရှိနေကြောင်း သတင်းများကြားသိရသည်။ မုန်တိုင်းဆိုင်ရာ သတင်းအချက်အလက်များကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပြီး နိုင်ငံပိုင်မီဒီယာများ၊ ရုပ်မြင်သံကြား၊ အက်ဖ်အမ်ရေဒီယိုများ၊ မိုဘိုင်းဖုန်းဆက်သွယ်ရေး အော်ပရေတာများကလည်း ဖော်ပြပေးလျက်ရှိရာ မျက်ခြည်မပြတ်စောင့်ကြည့်၍ ကြိုတင်ပြင်ဆင်မှုများကို လိုအပ်သလို ဆောင်ရွက်သွားကြရမည် ဖြစ်သည်။

လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ခြင်း၊ ပိုမို အားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ခြင်း၊ ဆက်လက်၍ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ခြင်း၊ မုန်တိုင်းရွေ့လျားနိုင်သည့် လမ်းကြောင်း၊မုန်တိုင်း ဝင်ရောက်နိုင်သည့် ဒေသများ စသည့်အချက်အလက်များမှာ အချိန်နှင့်အမျှ ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတုဆိုင်ရာ အချက်အလက်များကို တိုင်းထွာခြင်း၊ တွက်ချက်ခြင်းတို့မှရရှိလာသည့် ခန့်မှန်းချက်များပင်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် မိုးလေဝသသတင်းအချက်အလက်များကို မျက်ခြည်မပြတ် ကြည့်ရှုနေခြင်းဖြင့်သာ နာရီစဉ်အလိုက်ပြောင်းလဲဖြစ်ပေါ်နေသည့် မိုးလေဝသအခြေအနေများကို သိရှိနိုင်ကြမည်ဖြစ်သည်။

မုန်တိုင်းသတိပေးချက်များကို အရောင်သတ်မှတ်ချက်များဖြင့် ထုတ်ပြန်ရာတွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်ပြင်တို့တွင် မုန်တိုင်းစတင်ဖြစ်ပေါ်သည့်အချိန်တွင်- အဝါရောင်သတိပေးချက်၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်းစတင်ဖြစ်ပေါ်ပြီးနောက် မြန်မာ့ကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားလာမည့်အချိန်တွင်- လိမ္မော်ရောင်သတိပေးချက်၊ မုန်တိုင်းသည်မြန်မာ့ကမ်းရိုး တန်းဒေသသို့ ဦးတည်ရွေ့လျားလာပြီး မြန်မာ့ကမ်းရိုးတန်းဆီသို့မဖြတ်ကျော်မီ (၁၂) နာရီအလိုအချိန်တွင်- အနီရောင်သတိပေးချက်၊ မြန်မာ့ကမ်းရိုးတန်းဒေသများသို့ မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်သည့်အချိန်တွင်- အညိုရောင်သတိပေးချက်နှင့် မုန်တိုင်းအားလျော့၍ မုန်တိုင်းအန္တရာယ်ကင်းရှင်း သွားသည့်အချိန်တွင်-အစိမ်းရောင် သတ်မှတ်ချက်များဖြင့် ထုတ်ပြန်ပေးခြင်းဖြစ်ရာ မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များကို သိနားလည်ထားခြင်းဖြင့် မုန်တိုင်း အန္တရာယ်ကို ကြိုတင်သိရှိနိုင်ကြမည်လည်းဖြစ်သည်။

မိုးကြိုကာလဖြစ်သော ဧပြီလနှင့်မေလတို့သည် မြန်မာ နိုင်ငံအဖို့ မုန်တိုင်းများဖြစ်ပေါ်သည့် ရာသီဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်ဝန်းကျင်ရှိ နိုင်ငံများအနက် မြန်မာနိုင်ငံသည် မုန်တိုင်းအန္တရာယ်အနည်းဆုံးဖြစ်သော်လည်း ရာသီဥတုပြောင်းလဲဖောက်ပြန်မှုအရ မုန်တိုင်းများ၏ ပြင်းအားပိုမိုလာခြင်း၊ မုန်တိုင်းအစပျိုးသည့်နေရာ၊ မုန်တိုင်းဖြစ်ပေါ်သည့် အချိန်တို့ ပြောင်းလဲလာသလို မုန်တိုင်းလမ်းကြောင်းများလည်း ပြောင်းလဲလာသည်ကို တွေ့ရကြောင်း မိုးလေဝသပညာရှင်များက ပြောကြားကြသည်ကိုလည်း သတိပြုကြရ မည်ဖြစ်သည်။ ယခုအခါ ရက်ပိုင်းအတွင်းဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားသည့် ဆိုင်ကလုန်းမုန်တိုင်းနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တုံ့ပြန်ဆောင်ရွက်မှုများကို စတင်ပြင်ဆင်ဆောင်ရွက်နေကြပြီ ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များကို မဖြစ်ပွားအောင်တားဆီး၍မရနိုင်ဘဲ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်ကာကွယ်ရှောင်ရှားရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင် အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရန်သာစုစည်းညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှုမလွန်သင့်သလို ပေါ့လည်းမပေါ့လျော့သင့်ပါကြောင်း။ ။

No comments:

Post a Comment