Saturday, May 6, 2023

ဗိုဗီနမ်(ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ

 


က​မ္ဘောဒီးယား မေ ၅

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံရှိ မြို့ကြီးငါးမြို့တွင် ကျင်းပလျက်ရှိရာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (C)၌ ကျင်းပသည့် ဗိုဗီနမ် (ခွန်ဘိုကာတာ)အားကစားနည်း(အမျိုးသား/အမျိုး သမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲ၊ ဝါးညှပ်အကပြိုင်ပွဲ၊ လက်သိုင်းအပြပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (အမျိုးသမီး)အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ငွေတံဆိပ်ဆုကိုလည်းကောင်း၊ (အမျိုးသား)အခြေခံ ပြကွက်(လက်)ပြိုင်ပွဲတွင် မောင်လှိုင်ချစ်ဦးက မြန်မာ နိုင်ငံအတွက် ပထမဆုံးကြေးတံဆိပ်ဆုကိုလည်းကောင်း၊ (အမျိုးသမီး)ဝါးညှပ်အကပြိုင်ပွဲတွင် မမြတ်နိုးဝေက ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ (အမျိုးသား)လက်သိုင်းအပြပြိုင်ပွဲတွင် မောင်ခန့်လွန်းဇော်က ကြေးတံဆိပ်ဆုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၄ ရက်တွင်ကျင်းပရာ မြန်မာနိုင်ငံအတွက် ပထမ ဦးဆုံးငွေတံဆိပ်ဆုရရှိခဲ့သည့် မနီလာစိုးဦးကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အခြားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

မြန်မာအားကစားသမားအနေဖြင့် မေ ၄ ရက်အထိ ငွေတံဆိပ် တစ်ခု၊ ကြေးသုံးခုစုစုပေါင်း ဆုတံဆိပ်လေးခု ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment