Tuesday, May 9, 2023

လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၃)သင်တန်းဖွင့်

နေပြည်တော် မေ ၈

လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုသင်တန်းတွင် စစ်ဆေးရေးလုပ်ငန်းများ၌ အဓိကကျသည့် စစ်ဆေးရေးနည်းလမ်း၊ စစ်ဆေးရေးစံများ၊ အသုံးပြုပုံစံများနှင့်အညီ လက်တွေ့စစ်ဆေးနိုင်ရေး လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများသည်အဖွဲ့ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ ဦးဆောင်မှု၊ လိုက်ပါဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကိုလည်း ပို့ချသွားမည်ဖြစ်ကြောင်း၊ စာရင်းစစ်ဝန်ထမ်းများသည် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကို ကြီးကြပ်ထိန်းကျောင်းပေးရာတွင် အဓိကတာဝန်ရှိသည့် ဝန်ထမ်းများဖြစ်သည့်အတွက် အဂတိတရားလေးပါး ကင်းရှင်းပြီး ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလိုက်နာသူများဖြစ်စေရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို တန်ဖိုးထားပြီး ရုံး၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် အရည်အချင်း ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဒေသစာရင်းစစ်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူး ၄၁ ဦးနှင့် ဦးစီးအရာရှိ ၁၄၇ ဦး စုစုပေါင်း ၁၈၈ ဦးတို့ကို နေပြည်တော် သင်တန်းကျောင်းနှင့် ရန်ကုန်သင်တန်းကျောင်းတို့တွင် တစ်ပြိုင်တည်း မေ ၈ ရက်မှ ၃၁ ရက်အထိ ဘာသာရပ်ခြောက်ခုဖြင့် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး နဝရတ်ခန်းမမှလည်းကောင်း၊ ရန်ကုန်သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများက Online ဖြင့်လည်းကောင်း တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment