Tuesday, May 9, 2023

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် (၁/၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၈

အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီများနှင့် (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ချိတ်ဆက်ဆောင်ရွက်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမိုကောင်းမွန်လာ စေရေးအတွက် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးတို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ မြန်မာ နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ရန်လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန်အတွက် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။

၂၀၂၃ ခုနှစ် အာဆီယံက ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်း ခေါင်းစဉ် ၁၆ ခု နှင့်စပ်လျဉ်း၍ ယင်းလုပ်ငန်းများသည် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးအတွက်ပါ ကိုဗစ်-၁၉ အလွန် ဈေးကွက်ပြန်လည်ချိတ်ဆက်နိုင်မည့် အရေးကြီးသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများလည်း ပါဝင် ကြောင်း၊ တချို့လုပ်ငန်းများသည် ကဏ္ဍအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်၍ အားလုံးပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အေအီးစီအနေဖြင့် ယခုနှစ်တွင် နှစ်အလိုက် အကောင်အထည် ဖော်ရန်အတွက်လည်း လုပ်ငန်း ၁၁၈ ခုကို ချမှတ်ထားကြောင်း။

ဖွံ့ဖြိုးတိုးတက်မှု အရှိန်ပိုမိုရရှိ

မြန်မာနိုင်ငံက အေအီးစီ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အခြားအာဆီယံနိုင်ငံ များနှင့်အတူ ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ အာဆီယံအနေဖြင့် တစ်ခုတည်းသော စျေးကွက်နှင့် ထုတ်လုပ်မှု အခြေခံဒေသကို အကောင်အထည်ဖော်ရာတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍအလိုက် မိမိတို့နိုင်ငံအနေဖြင့် ဆောင်ရွက်နိုင်မှု အခြေအနေကို ပြန်လည်လေ့လာ၍ လက်ရှိနိုင်ငံ၏ မူဝါဒနှင့်အညီ အကောင် အထည်ဖော်မှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆောင်ရွက်သည့် လုပ်ငန်းများသည် လက်တွေ့ ကျကျ အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရန် ကျန်ရှိသည့် လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကိုလည်း ပိုမိုရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံ အဆင့်မြင့်စီးပွားရေးအရာရှိက ၂၀၂၂ ခုနှစ်အတွင်း အေအီးစီလုပ်ငန်းများ အကောင်အထည် ဖော်ပြီးစီးမှုနှင့် ၂၀၂၃ ခုနှစ်အတွင်းဆောင်ရွက်မည့် လုပ်ငန်းများ အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

အစီအစဉ်များကို တင်ပြ

ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းကော်မတီအလိုက် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြကြသည်။

ထိုသို့ တင်ပြရာတွင် လုပ်ငန်းကော်မတီများက မြန်မာနိုင်ငံနှင့် ကျန်အာဆီယံနိုင်ငံများအကြား အခွန်နှစ်ထပ် မကျခံစေရေးအတွက် ဆောင်ရွက်မှုများ၊ ဒေသတွင်း အခွန်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု၊ ကောင်းမွန်သော စီမံမှုလုပ်ထုံးလုပ်နည်းများ ကျင့်သုံးနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်နှင့် သတ္တုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ စားနပ် ရိက္ခာလုံခြုံရေးအတွက် ဒေသတွင်း ဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှု၊ အကောင် အထည်ဖော်မှုနှင့် အပြန်အလှန် နားလည်မှု စာလွှာအရ အာဆီယံ ဒေသတွင်း ကျွမ်းကျင်လုပ်သား များ သွားလာလုပ်ကိုင်နိုင်ရေး ကိစ္စများကိုလည်းကောင်း။

ညှိနှိုင်းပူးပေါင်းဆောင်ရွက်

ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် ဖြေလျှော့မှုများအတွက် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ၊ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်၊ ပုဂ္ဂလိကအခန်းကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ စားသုံးသူရေးရာ၊ ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေး အစီအစဉ်၊ စာရင်းအင်း၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ အခြေခံအဆောက် အဦဆိုင်ရာ လုပ်ငန်းများ၊ စွမ်းအင်ကဏ္ဍဆိုင်ရာ စသည့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန် ပြောကြားသည်။

ပါဝင်ဆောင်ရွက်လျက်ရှိ

အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီကို မြန်မာနိုင်ငံအနေဖြင့် အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ ၂၂ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်း ကော်မတီများ၏ ဥက္ကဋ္ဌများအဖြစ် ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များကလည်းကောင်း၊ အတွင်းရေးမှူးများအဖြစ် ညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း၊ သက်ဆိုင်ရာဌာနများက အဖွဲ့ဝင် များအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment