နေပြည်တော် မေ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးသွားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ်ဦးစီး မှူးရုံး စစ်တွေခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မိုခါမုန်တိုင်းဒဏ်ကြောင့်
ဝန်ထမ်းစုပေါင်းအိမ်ရာ၌ ဝန်ထမ်းတိုက်ခန်းများ၏ အမိုးအကာများထိခိုက် ပျက်စီးမှု၊
ရုံးဝင်းအတွင်း သစ်ပင်ကြီးများ ပြိုလဲနေမှု၊ လျှပ်စစ်မီးကြိုးများ ပြုတ်ကျနေမှုကိုလှည့်လည်
ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြိုလဲသွားသည့်
သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဖယ်ရှားရေး နှင့် လျှပ်စစ်ဝိုင်ယာကြိုးများ၊
မီးတိုင်များပြန်လည် ပြုပြင်ရေးအတွက် တာဝန်ရှိသူများနှင့်ညှိနှိုင်း ပေါင်းစပ်ကာ
အမြန်ဆုံးဆောင်ရွက်ရန်နှင့် ဝန်ထမ်းတိုက်ခန်းများ ပြန်လည်ပြုပြင်ရေးအတွက် ဝန်ကြီး
ဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်
စစ်တွေမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍မိုခါ မုန်တိုင်းဒဏ်ကြောင့်
ရုံးအဆောက်အအုံပျက်စီးမှု၊ ရုံးဝင်းအတွင်း သစ်ပင်ကြီးများ ပြိုလဲမှုအခြေအနေနှင့်
မြို့နယ်ရုံး မှတ်တမ်းခန်းအတွင်း ပြည်သူများ၏ ကိုယ်ရေးမှတ်တမ်းဖိုင်များ ထိန်းသိမ်းထားရှိမှုကို
လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ
မှာကြားညှိနှိုင်းဆောင်ရွက် ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်ရခိုင်
ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ် ကြောင့် ရုံးခန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများ
ထိခိုက်ပျက်စီးမှု၊ သစ်ပင်များပြိုလဲမှုနှင့်ရုံး အဆောက်အအုံများ ထိခိုက်ပျက်စီးမှု၊
ရုံးခြံစည်းရိုးအုတ်တံတိုင်းများ ပြိုကျပျက်စီးမှု အခြေအနေများကို
လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုခါမုန်တိုင်းမကျမီ ကြိုတင်သတင်းရရှိသည်နှင့်
ဝန်ထမ်းများအား ရုံးစာရွက်စာတမ်းများကို ကွန်ပျူတာတက္ကသိုလ်သို့
ယာယီရွှေ့ပြောင်းထားရှိမှုနှင့် မုန်တိုင်းဒဏ်ကြောင့် ရုံးအဆောက်အအုံနှင့်
ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှု၊ ရုံးအဆောက်အအုံများပေါ်သို့
သစ်ပင်ကြီးများပြိုလဲပျက်စီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု
ဝန်ကြီးက ပျက်စီးပြိုလဲသည့် သစ်ပင်ကြီးများအမြန်ဆုံး ရှင်းလင်းဖယ်ရှားကာ ကိုယ့်အားကိုယ်ကိုး
ပြုပြင်နိုင်သည့်ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက် ကြရေး၊ ရုံးအဆောက်အအုံနှင့်
ဝန်ထမ်းအိမ်ရာများပြုပြင်နိုင်ရေးအတွက်ဝန်ကြီးဌာနနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီတို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို
ရှင်းလင်းပြောကြား၍ ထိခိုက်ပျက်စီးမှု မရှိသည့် အဆောက်အအုံများတွင်
ရုံးစာရွက်စာတမ်း နှင့် ရုံးသုံးပစ္စည်းများ စနစ်တကျပြန်လည်နေရာချထားရန်နှင့်
ယာယီရွှေ့ပြောင်းထားသည့် ဝန်ထမ်း မိသားစုများကိုလည်း ပြုပြင်ပြီးအိမ်ရာအဆောက်
အအုံများ၌စနစ်တကျ ပြန်လည်နေရာချထားနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ရန်မှာကြားကာလိုအပ်သည်များ
ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင်
စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ရခိုင်ပြည်နယ်နှင့်စစ်တွေခရိုင်တို့မှ
ဝန်ထမ်းများကိုတွေ့ဆုံ၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများအတွက်
ပြန်လည်ပြုပြင်ဖြည့်ဆည်းပေးမည့် အစီအစဉ်များနှင့် နိုင်ငံတော်မှကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊
ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းအခြေအနေများ၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့်ပေးအပ်သည့်
တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍
အားပေးစကားပြောကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့်
စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံပေးအပ်ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်
စစ်တွေမြို့နယ်ဦးစီးမှူးရုံး၌ မြို့နယ်ရုံးဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားကာ
ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို မြို့နယ်ဦးစီးမှူးထံ
ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုဒဏ်ခံရသည့်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊
စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊
ကျောက်တော်၊ ဘူးသီးတောင်စသည့်မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများအတွက်
စုစုပေါင်းထောက်ပံ့ ငွေကျပ်သိန်း ၂၀၀နှင့်ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ပဲဘူးအပါအဝင်
စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment