ဒေါ်နော်မူတာကပေါ(ညွှန်ကြားရေးမှူးချုပ်)
“ဖွံ့ဖြိုးမှုသစ်များရရှိဖို့ လမ်းကြောင်းသစ်များ တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲ) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။
ပြပွဲတွင်
မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ကုမ္ပဏီ ၆၅ ခုမှ
ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံကုန်သည်လုပ်ငန်းရှင် ၇၀ မှ ပြခန်းပေါင်း ၄၀
တို့က ဒေသထွက်စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊
လက်ဖက်နှင့် ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ်နှင့်ဝါးထွက်ကုန်များ၊
သစ်သားပန်းပုများ၊ ပရိဘောဂများနှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည်ဖြင့်
ကဏ္ဍစုံပါဝင်သည်။
ကုန်စည်ပြပွဲသည်
နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား
ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ခိုင်မာအားကောင်းမှု၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း
ဆောင်ရွက်မှု၊ ဒေသတွင်းပြည်သူများ၏ ကဏ္ဍစုံပူးပေါင်းဆောင်ရွက် မှုများကို
ထင်ဟပ်လျက်ရှိသည့် အခမ်းအနားတစ်ခုလည်းဖြစ်ရာ တာဝန်ရှိသူများ၊ ပြခန်းပါဝင်ပြသသူများ၏
စကားသံများကို စုစည်း ဖော်ပြလိုက်ရပါသည်။
ဒေါ်နော်မူတာကပေါ(ညွှန်ကြားရေးမှူးချုပ်)
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊
စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒီနေ့ပြပွဲ ကျင်းပရတဲ့ရည်ရွယ်ချက်က
မြန်မာကုန်သည်တွေနဲ့ တရုတ်ကုန်သည်တွေအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ
ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ ကုန်သွယ်မှုလမ်းကြောင်း အသစ်တွေရှာဖွေပြီး
အလားအလာရှိတဲ့ ကုန်စည်တွေတိုးချဲ့ထုတ်လုပ်နိုင်ဖို့၊ ကုန်သည်လုပ်ငန်းရှင်အချင်းချင်း
တွေ့ဆုံရင်းနှီးပြီး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြခန်းတွေမှာ သစ်သီး ဝလံ၊ ရေထွက်ပစ္စည်း၊ ပရိဘောဂ၊ စားသောက်ကုန်၊ လက်မှုပစ္စည်း၊
အထည်အလိပ်စသည်ဖြင့် အမျိုးအမည်အစုံပါဝင်ပါတယ်။ တရုတ်နိုင်ငံဘက်ကဆိုရင်
ဆိုလာနဲ့ပတ်သက်တဲ့ နည်းပညာပစ္စည်းတွေ၊ စားသောက်ကုန်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေပါဝင်တယ်။
အခုလို ပြပွဲတွေကတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်သွားနိုင်မယ့် အလားအလာကောင်းတွေ
များစွာရှိပါတယ်။ ပြပွဲကို လေးရက်တာ ကျင်းပမှာဖြစ်တဲ့အတွက် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါ
တယ်။
Mr. Zhou Yong Zhi (ညွှန်ကြားရေးမှူး-လင်ချန်းမြို့
စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဌာန)
အရင်တုန်းက
အခုလိုကုန်စည်ပြပွဲက နယ်စပ်မြို့တွေမှာ ကျင်းပ တာဖြစ်ပါတယ်။ ကုမ္ပဏီတွေသာမက
အားလုံးက ဒီပြပွဲကိုစောင့်မျှော်နေကြတာကြာပါပြီ။ တရုတ်နိုင်ငံဘက်ကလည်း
ဒီကုန်စည်ပြပွဲကို အလေးအနက်ထားပါတယ်။ တရုတ်နိုင်ငံကလာရောက်ခင်းကျင်း ပြသတဲ့ကုမ္ပဏီ
၈၀ ကျော်ရှိပါတယ်။ ယူနန်ပြည်နယ်သာမက ပြည်နယ် အများစု ပါဝင်ပါတယ်။
ကုန်ပစ္စည်းအမျိုးအမည်အနေနဲ့ ၅၀၀ ကျော် ပါဝင်ပြီး တစ်နှစ်ထက်တစ်နှစ် အမျိုးအစားစုံလင်လာပါတယ်။
မြန်မာနိုင်ငံဘက်ကလည်း နေပြည်တော်မှာကုန်စည်ပြပွဲကိုကျင်းပပေမယ့်တိုင်းဒေသကြီးနဲ့
ပြည်နယ်အသီးသီးက လာရောက်ပြသကြ တာဖြစ်ပါတယ်။ ကုမ္ပဏီတွေတော်တော်များများပါဝင်ပြီး
ကုန်ပစ္စည်း အမျိုးအမည်လည်း များစွာပါဝင်ပါတယ်။
ဒီကုန်စည်ပြပွဲက နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်အချင်းချင်း
ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့ ပေါင်းကူးတံတားသဖွယ်ဖြစ်ပါတယ်။ စီးပွားရေးတွေလုပ်ဆောင်နိုင်အောင်
Platform တည်ဆောက်ပေးခြင်း ဖြစ်ပါတယ်။
နှစ်နိုင်ငံလုပ်ငန်းရှင်တွေအတွက် ဝန်ဆောင်မှုထောက်ပံ့ခြင်း လည်း ဖြစ်ပါတယ်။ ကိုဗစ်
- ၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အကူပြုစေမယ့် ပွဲတော် တစ်ခုဖြစ်ပါတယ်။ ဒီပြပွဲက
နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ နယ်စပ်မြို့တွေ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုလည်း အထောက်အကူပြုစေပါတယ်။ နယ်စပ်မြို့တွေစီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ
ကုမ္ပဏီတွေကလည်း အကျိုးရလဒ် ခံစားရလာမယ်။ ဒေသမှာရှိတဲ့လူတွေအတွက်လည်း အလုပ်အကိုင်
အခွင့်အလမ်းတွေအများကြီးပေါ်လာပြီး စီးပွားရေးဖွံ့ဖြိုးလာမယ်။ ဒီကုန်စည်ပြပွဲက
နယ်စပ်မြို့မှာ ကျင်းပတာပဲဖြစ်ဖြစ်၊ နေပြည်တော်မှာ ကျင်းပတာပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကမပြောင်းပါဘူး။
နယ်စပ်ဒေသမှာရှိတဲ့ ကုမ္ပဏီတွေ၊ ပြည်သူတွေစီးပွားရေးတိုးတက်ဖို့ဖြစ်ပါတယ်။ ဒုတိယက
အပြန်အလှန်ဖလှယ်ရေး၊ ကုန်သွယ်မှုတိုးမြှင့်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ဖလှယ်ခြင်းက
နှစ်နိုင်ငံပြည်သူအချင်းချင်း ယဉ်ကျေးမှုဖလှယ်ခြင်းလည်းပါဝင်တယ်။ ကုန်ပစ္စည်းတွေကို
ကုန်သွယ်မှုလုပ်ခြင်း လည်း ဖြစ်ပါတယ်။ ဖလှယ်ခြင်းက ကုမ္ပဏီတွေအတွက်၊ လုပ်ငန်းရှင်
တွေအတွက်၊ ပြည်သူလူထုအတွက် အကျိုးရှိအောင်ဖလှယ်ခြင်း ဖြစ်ပါတယ်။ ဒီကုန်စည်ပြပွဲက တရုတ်-မြန်မာ
နှစ်နိုင်ငံအတွက် လက်တွေ့ကျတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်စေနိုင်မယ်
လို့ ယုံကြည်ပါတယ်။
ဦးအောင်သိန်းနိုင်(ဒုတိယဥက္ကဋ္ဌ၊
ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း)
ပြပွဲမှာ
ကိုးကန့်ဒေသထွက် ထုတ်ကုန်တွေကို လာရောက်ပြသတာ ဖြစ်ပါတယ်။ ကိုးကန့်ဒေသကထွက်တဲ့ လက်ဖက်၊
သစ်ကြားသီး၊ ကော်ဖီစတဲ့ ထုတ်ကုန်တွေပါဝင်ပါတယ်။ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်တွေက
ပြခန်း ၃၀ ခန့် ပြသကြပါတယ်။ ပြပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ဖို့
ပြပွဲမတိုင်ခင်ကလည်း လင်ချန်းဒေသက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက
တာဝန်ရှိသူတွေ၊ ကုန်သည်တွေနဲ့ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ပါတယ်။ ဒီကုန်စည်
ပြပွဲက လုပ်ငန်းရှင်တွေအတွက် အကျိုးကျေးဇူးများစွာရှိတဲ့အတွက်
နှစ်စဉ်ကျင်းပသင့်ပါတယ်။ ဒီပြပွဲကို လေးရက်တိုင်တိုင်ကျင်းပမှာ ဖြစ်တဲ့အတွက်
အားလုံးကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
Mr.Frank Hu(လက်ဖက်လုပ်ငန်းရှင်)
ကျွန်တော်က
လင်ချန်းဒေသကနေ လက်ဖက်ထွက်ကုန်တွေကို ဒီပြခန်းမှာ လာရောက်ပြသတာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့အခုပြပွဲမှာ ရောင်းချရဖို့ထက် မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေနဲ့
အချိတ်အဆက်အဓိကရချင်တာပါ။ တရုတ်နိုင်ငံမှာက လက်ဖက် ဈေးကွက်က ရှိပြီးသားပါ။ မြန်မာနိုင်ငံကလက်ဖက်ထွက်ကုန်
ကုန်ကြမ်းတွေ အများကြီးရနိုင်တယ်။ ဒါကြောင့် မြန်မာလုပ်ငန်းရှင်တွေနဲ့
အချိတ်အဆက်ရချင်တဲ့အတွက် အဓိကလာရောက်ပြသခြင်း ဖြစ်ပါတယ်။ ဒီကုန်စည်ပြပွဲကနေ
လုပ်ငန်းရှင်တွေအတွက် အကျိုး ကျေးဇူးတွေရရှိနိုင်မှာပါ။ နောင်လည်း ထပ်ပြီးကျင်းပဖို့မျှော်လင့်ပါတယ်။
ပြခန်းတွေ ဒီထက်ပိုပြီး နေရာကျယ်နိုင်ရင်တော့ ပိုပြီးအဆင်ပြေ မယ်လို့
အကြံပြုလိုပါတယ်။
Mr. Chen Ming Chang ( Henan Feibo
Vehicle Industry Co.,ltd.)
လျှပ်စစ် စက်ဘီး၊ ဆိုင်ကယ်၊
သုံးဘီး၊ EV ကား အသေးတွေကို လာရောက်ပြသတာဖြစ်ပါတယ်။ အခုလို စက်သုံးဆီဈေးနှုန်းတွေ
ကြီးမြင့်နေချိန်မှာ ဘက်ထရီကိုသုံးတော့အားသွင်းရုံနဲ့ အဆင်ပြေတယ်။
ငွေကုန်ကြေးကျလည်းသက်သာပါတယ်။ အခုလက်ရှိပြသထားတဲ့ ပစ္စည်းတွေက မြန်မာနိုင်ငံမှာ သုံးစွဲမှုမတွင်ကျယ်သေးပါဘူး။
ပစ္စည်းတွေကအရည်အသွေးလည်း တကယ်ကောင်းပါတယ်။ ပုံမှန်ဆိုရင် အဲကွန်းမပါဘူး။
ကျွန်တော်တို့ကုမ္ပဏီကထုတ်တဲ့ EV ကားအသေးတွေမှာအဲကွန်းပါတယ်။
မောင်းနိုင်တဲ့ ကီလိုအကွာအဝေးလည်းများတယ်။ အခုသုံးထားတဲ့ ဘက်ထရီကလည်း စိတ်ချရတယ်။ အားသွင်းလည်း
မြန်တယ်။ ရိုးရိုးအိမ်သုံးလျှပ်စစ်မီးနဲ့ကိုအားသွင်းနိုင်တယ်။ ဈေးလည်းသက်သာတယ်။
သုံးလည်းသုံးစေချင်လို့ လာရောက်ပြသတာဖြစ်ပါတယ်။ ကုန်စည်ပြပွဲတွေမှာ
လာရောက်ပြသခြင်းအားဖြင့် လူသိများပြီး ရောင်းအားတွေ တက်လာမယ်ဖို့ မျှော်လင့်ပါတယ်။
ဦးဖြိုးသူ(မိုးသီရိအထည်ချုပ်နှင့်
ဖြန့်ချိရေးလုပ်ငန်း)
ကိုရီးယားဆွဲသား၊
ချီပွန်နဲ့စပန့်တွေကို အမျိုးသမီးဝတ်အဝတ်အထည်တွေကို လာရောက်ပြသတာဖြစ်ပါတယ်။
ပါဝင်ပြသဖြစ်တာက ပြပွဲအတွေ့အကြုံရဖို့၊ ကျွန်တော်တို့ ထုတ်ကုန်ပစ္စည်းတွေကို
လူသိများ လာစေဖို့ ရည်ရွယ်ပါတယ်။ အချို့ပိတ်စတွေက ကိုရီးယား၊ တရုတ် နိုင်ငံတွေက သွင်းတာဖြစ်တဲ့အတွက်
အချိတ်အဆက်ကောင်းတွေရဖို့ ရည်ရွယ်ပါတယ်။ အခုလက်ရှိမှာလည်း
ချိတ်ဆက်ဆောင်ရွက်ဖို့ရထားတာလည်းရှိပါတယ်။ ကျွန်တော်တို့လုပ်ငန်းက
နေပြည်တော်မှာဖြစ်တဲ့အတွက် နေပြည်တော်မှာနေထိုင်တဲ့ ဒေသခံတွေအလုပ်အကိုင်အခွင့်
အလမ်းတွေ ပိုမိုရရှိလာစေဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။
ဒေါ်မြသဲဖြူ(မန်နေဂျင်းဒါရိုက်တာ၊
Golden Goat Myanmar Co.,Ltd.)
ဒီကုန်စည်ပြပွဲကို
အခုနှစ်မှ ပါဝင်ပြသတာဖြစ်ပါတယ်။ ပြသဖြစ်တဲ့အတွက် အားသာချက်တွေအများကြီးရရှိပါတယ်။
တရုတ်နိုင်ငံနဲ့ ပူးပေါင်းကျင်းပတာဖြစ်တဲ့အတွက် တရုတ်လုပ်ငန်းရှင်တွေနဲ့
အချိတ်အဆက်တွေရပါတယ်။ အခုကုန်စည်ပြပွဲမှာ တရုတ်ဘက်က မန်ကျည်းဖျော်ရည်ထုတ်လုပ်သူက
ကျွန်မတို့ထုတ်ကုန်တွေကို လာပြီးလေ့လာတယ်။ သူတို့ထုတ်ကုန်တွေကိုလည်း
မြည်းစမ်းခိုင်းတယ်။ ကျွန်မတို့ မန်ကျည်းဖျော်ရည်ကိုလည်း သူတို့ မြည်းစမ်းတယ်၊
လေ့လာတယ်။ ပြီးတော့ကျွန်မတို့နဲ့အလုပ်တွဲလုပ်ဖို့ ကျွန်မတို့စက်ရုံကို
လာရောက်လေ့လာမယ်လို့ ပြောပါတယ်။ ကျွန်မတို့ရဲ့စက်ရုံက ကျောက်ပန်းတောင်းမှာရှိပါတယ်။
ကျောက်ပန်းတောင်းက မန်ကျည်းသီးပေါတယ်၊ ထန်းပင်ပေါတယ်။ ဒါကြောင့်မန်ကျည်းသီးနဲ့
ထန်းလျက်ကို အခြေခံတဲ့ထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချပါတယ်။
ထုတ်လုပ်တဲ့ပစ္စည်းတွေကို အစာအစား ဘေးကင်းလုံခြုံမှုရှိအောင်
စနစ်တကျထုပ်ပိုးရောင်းချပါတယ်။ ကိုယ့်ဒေသက ထွက်ကုန်ကို စနစ်တကျ ဘေးကင်းကင်းနဲ့
ထုတ်လုပ်ရောင်းချတာကို တရုတ်လုပ်ငန်းရှင်တွေလည်း မြင်သွားတယ်။ ဒီပြပွဲက
ကျွန်မတို့လို local SME တွေအတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ပြပွဲတွေ ဆက်လက်ကျင်းပစေချင်ပါတယ်။
တွေ့ဆုံမေးမြန်း -
ဝင်းမင်း
ဓာတ်ပုံ -
ထိန်နန်နော်






No comments:
Post a Comment