Thursday, May 4, 2023

မျိုးရိုးဗီဇပြောင်းရောဂါပိုး အချိန်နှင့်တစ်ပြေးညီသတိမူ

 



ကျန်းမာရေးဝန်ကြီးဌာနသည်ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြည့်ရေး လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများနှင့် ပြည်တွင်း၌ ကူးစက်ဖြစ်ပွားသော ဓာတ်ခွဲအတည်ပြုလူနာများထံမှ ဓာတ်ခွဲနမူနာများယူ၍ စစ်ဆေးလျက်ရှိပြီး အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိမှုများကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိသည်ကို သတိမူ၍ ဆောင်ရွက်ကြရမည် ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ ၂၂ ခုအား မျိုးရိုးဗီဇစစ်ဆေးခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ဧပြီလ ၂၉ ရက်နေ့တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB.1.9.1 ကို ဓာတ်ခွဲနမူနာ ရှစ်ခုတွင် လည်းကောင်း၊ XBB.1.16 ကို ဓာတ်ခွဲနမူနာ ရှစ်ခုတွင်လည်းကောင်း၊ XBB.2.3 ကို ဓာတ်ခွဲနမူနာ နှစ်ခုတွင်လည်းကောင်း၊ XBB.1.9.2 ကို ဓာတ်ခွဲနမူနာတစ်ခုတွင် လည်းကောင်း၊ XBB.1.5 ကို ဓာတ်ခွဲနမူနာ တစ်ခုတွင်လည်းကောင်း၊ XBB.1 ကို ဓာတ်ခွဲနမူနာ တစ်ခုတွင်လည်းကောင်း၊ BA.2.75 ကို ဓာတ်ခွဲနမူနာ တစ်ခုတွင် လည်းကောင်း အသီးသီးတွေ့ရှိခဲ့သည်။ အဆိုပါ လူနာများအား စနစ်တကျကုသပေး လျက်ရှိပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါပိုးသည် ကမ္ဘာတစ်ခွင်၌ ဆိုးရွားပြင်းထန်စွာ ကူးစက်ပျံ့နှံ့ပြီးနောက် ယခုအခါကူးစက်မြန်ဗီဇပြောင်းပိုးအသွင်ဖြင့် ကမ္ဘာပေါ်တွင် ဆက်လက်ရပ်တည်နေသည်။ အိုမီခရွန် မျိုးရိုးဗီဇပြောင်း အာတူးရပ်စ် XBB.1.16 မျိုးကွဲတစ်မျိုး ရောဂါပိုးကူးစက်ဖြစ်ပွားမှုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၌ အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် ကူးစက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ယခုတွေ့ရှိလာသော XBB.1.16 ရောဂါပိုး ရှစ်ဦးအနက် တစ်ဦးမှာ ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန်ခုနစ်ဦးမှာ ပြည်တွင်း ကူးစက်မှုများမှ တွေ့ရှိရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တွေ့ရှိလာသော XBB.1 XBB.1.5 XBB.1.9.1 XBB.1.9.2 XBB.2.3 နှင့် BA.2.75 တို့သည် ကမ္ဘာ့နိုင်ငံများတွင် ယခင်ကတည်းက ကူးစက်ဖြစ်ပွားလျက်ရှိသော မျိုးရိုးဗီဇပြောင်းရောဂါပိုးများဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေသော အိုမီခရွန်မျိုးကွဲ အာတူးရပ်စ် XBB.1.16 ကူးစက်မှုကို စောင့်ကြည့်လေ့လာပြီးနောက် ၎င်းရောဂါပိုးမျိုးကွဲများသည် မြန်မာနိုင်ငံ၌ သင်္ကြန်ကာလ နောက်ပိုင်းတွင် ကူးစက်မှုပိုမိုဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ ဧပြီလတစ်လအတွင်း ဧပြီလ ၂၉ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူ ၁၃၀၊ ကူးစက်မှုနှုန်း ၁ ဒသမ ၁၄ ရာခိုင်နှုန်းအထိ အမြင့်မားဆုံး ကူးစက်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။ ကျန်ရက်များ၌ ကူးစက်မှုနှုန်းသည် တစ်ရာခိုင်နှုန်း အောက်တွင်သာ ရှိသည်ကိုတွေ့ရသည်။ ကူးစက်ခံရသူများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ အိုမီခရွန်ဗီဇပြောင်း မျိုးကွဲအသစ် ကူးစက်ခံရသူ ၉၀၃ ဦးခန့် ကူးစက်ခံခဲ့ရသည်။ အိုမီခရွန်ဗီဇပြောင်း မျိုးကွဲသစ်အာတူးရပ်စ်သည် ယခင်ဖြစ်ပေါ်ခဲ့သော ကိုဗစ်မျိုးကွဲများကဲ့သို့ ရောဂါ ပြင်းထန်မှုမရှိသဖြင့် စိုးရိမ်ဖွယ်ရာမရှိပေ။

သို့သော် ယခုဖြစ်ပွားနေသော အိုမီခရွန်ဗီဇပြောင်း မျိုးကွဲသစ်များနှင့်ပတ်သက်၍ ရောဂါပြင်းထန်မှုမရှိသဖြင့် စိုးရိမ်ဖွယ်ရာမရှိသော်လည်း ရောဂါပိုးတွေ့ရှိသူအများစုတွင် မျက်စိနာခြင်း၊ နားကိုက်ခြင်း စသည့်ထူးခြားချက်များရှိနေသဖြင့် မပေါ့ဆဘဲ အထူးသတိပြုရမည်ဖြစ်သည်။ ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်များကူးစက်မှုတွင် ယခင်က သေဆုံးသူမရှိခဲ့သော်လည်း အသက်အရွယ် ကြီးသူနှင့်ရောဂါအခံရှိသူနှစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်ကိုလည်း သတိပြုရမည် ဖြစ်သည်။ ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှုများမှာ သိသိသာသာလျော့ကျလာ ခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိချက်အရ ရောဂါကူးစက်ဖြစ်ပွားနှုန်း တစ်ရာခိုင်နှုန်းဝန်းကျင်တွင် ဖြစ်ပေါ်နေသဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှုများ ပိုမိုများပြားနေမည်ဟု ခန့်မှန်းနိုင်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်ဖြစ်ပွားမှုနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ မရှိသော်လည်း ရောဂါကူးစက်ဖြစ်ပွားမှုများ လျော့ကျလာရန် အတွက် အသုံးပြုနေကျ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မှန်မှန်ကန်ကန် ဆက်လက်ထိုးနှံသွားရန်နှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ကျန်းမာစွာနေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်၍ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကို ပြစ်ပယ်မထားဘဲ အလေးထားဆက်လက် လိုက်နာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment