Thursday, May 4, 2023

အနာဂတ်အင်အား လူငယ်များ

 



ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နိုင်ငံတော်အခြေခံမူများ တွင် “နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်။” ဟူ၍ ပြဋ္ဌာန်းထားသည်။ ယနေ့ လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အင်အားစုများဖြစ်သည့်အလျောက် လူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းရည်မြင့်မားရေးတို့အတွက် ပြုစုပျိုးထောင်မြေတောင် မြှောက်ပေးသွားရန် လွန်စွာအရေးကြီးသည်။

နိုင်ငံတော်အနေဖြင့် မောင်တို့မယ်တို့ကို နိုင်ငံ၏အနာဂတ်အတွက် ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်ရည်မှန်းချက်ထားပြီး အများနှင့်စုပေါင်းနေထိုင် တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်နိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံသည့် အနာဂတ် မျိုးဆက်သစ်များ ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် လူရည်ချွန် စီမံကိန်းအပြင် လူငယ်ကဏ္ဍ အစီအစဉ်များစွာကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လေ့ကျင့်ပေးသည့် အတွက် မောင်တို့မယ်တို့သည် ဘက်စုံထူးချွန် လူရည်ချွန် လူရည်မွန်များအဖြစ် တိုင်းပြည်၏ အနာဂတ်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အထောက်အကူဖြစ်လာမည်ပင် ဖြစ်ကြောင်း၊” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအားတွေ့ဆုံ၍ ဩဝါဒစကား မြွက်ကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများ အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန် အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရေကြောင်းနှင့် လေကြောင်း လူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို ဧပြီလ ၂၄ ရက်က စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ လူငယ်သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၄၀၀ ခန့်တို့ တက်ရောက်လေ့ကျင့် သင်ကြားလျက်ရှိကြသည်။

ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများကို သင်တန်းစခန်း ၁၁ ခုတွင် အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာ ရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေး၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းများ သင်ကြားပေးလျက်ရှိရာ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၇၁၂ ဦး လေ့လာသင်ယူလျက်ရှိကြသည်။ အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်းများကို သင်တန်းစခန်း ၁၇ ခု၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ် တည်ဆောက်မှု အခြေခံသဘောတရား၊ လေယာဉ်စက်အုံ တည်ဆောက်မှုအခြေခံများ၊ လေယာဉ်ပုံစံငယ်တည်ဆောက်မှု အခြေခံများ၊ RC Simulartor မောင်းနှင်ခြင်း၊ RC လေယာဉ်၊ ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ(လက်နက်မဲ့) ဘာသာရပ်များကို သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၈၀ တို့က လေ့လာသင်ယူလျက်ရှိကြသည်။

နွေကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား ကျောင်းသူလူငယ်များ သင်ယူခွင့်၊ လေ့လာခွင့်၊ လေ့ကျင့်ခွင့် ရရှိခဲ့ကြသည့် ရေကြောင်းနှင့်လေကြောင်းဆိုင်ရာ အသိသုတများ၊ ပညာရပ်များက အသိပညာဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ် စေနိုင်သကဲ့သို့ အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရ သည့် ပညာရှင်များလည်း ထွက်ပေါ်လာစေနိုင်မည်ဖြစ်ရာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းရွက်မည့် မျိုးဆက်သစ်များ ပြုစုပျိုးထောင်မှုမှ စွမ်းရည်မြင့်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment