Thursday, May 4, 2023

၂၀၂၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ဓမ္မသဘင် မင်္ဂလာအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို

 

နေပြည်တော် မေ ၃

၂၀၂၃ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဓမ္မသဘင်မင်္ဂလာအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။



အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌမြင်းခြံမြို့ ကိုးဆောင်တိုက် သီရိမာလာကျောင်း ကိုးဆောင် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ၊ နိုင်ငံတော် ဩဝါဒါစရိယသောဠ သမရွှေကျင် သာသနာပိုင်ဆရာတော်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရတို့ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး တို့နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက် ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက မြင်းခြံဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သီတဂူဆရာတော်ကြီး ဟောကြားတော်မူ သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ ဓမ္မကထာဒေသနာတော် ကို ရိုသေလေးမြတ်စွာ နာယူ ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဓမ္မပူဇာ နဝကမ္မအလှူတော် ငွေကျပ် ၁၁၁၁ သိန်းကျော်ကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ကပ္ပိယကာရကအဖြစ် လက်ခံရယူသည်။

ထို့နောက် သီတဂူဆရာတော် ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment