Monday, May 8, 2023

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


နေပြည်တော် မေ ၇

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်အတွက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) ၌ Hybrid စနစ်ဖြင့် ပြုလုပ်သည်။

အလေးထားဆောင်ရွက်လျက်ရှိ

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဘေးအန္တရာယ်များကြောင့် ပြည်သူများတွင် ဆုံးရှုံးမှုများလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး ဧပြီ ၂၇ ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲ မှုလုပ်ငန်းကော်မတီ အစည်းအဝေးကို အခြား ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ကော်မတီအဖွဲ့ဝင်များပါဝင်တက်ရောက်၍လည်းကောင်း၊ မေ ၅ ရက်တွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ ပါဝင်တက်ရောက်၍လည်းကောင်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များတွင်ပါဝင် သည့် ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကဏ္ဍ များမှ လုပ်ငန်းစဉ်များနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးလက်အဆင့်အထိ အကောင်အထည်ဖော်ကြရမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့်အဆင့်ဆင့် အနီးကပ်ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများအနေဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နှီးနွှယ်ဌာနဆိုင်ရာများနှင့် ကြိုတင်ညှိနှိုင်းကာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်ပြီးဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ရေမှတစ်ဆင့် ကူးစက်သောရောဂါများဖြစ်ပွားမှုမရှိစေရန် သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့အတွက် လိုအပ်သောသောက်သုံးရေသန့်များ ကြိုတင်စုဆောင်းထားရှိ ခြင်း၊ ရေသန့်ဆေးမှုန့်နှင့် ဆေးပြားများ၊ အရေးပေါ် အခြေအနေတွင် အသုံးပြုနိုင်မည့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာပစ္စည်းများအား ကြိုတင် စုဆောင်းထားရမည်ဖြစ်ပြီး ဘေးအန္တရာယ်ကျရောက်သည့်ဒေသများသို့ အချိန်မီဖြန့်ဝေပေးနိုင်ရန်နှင့် ကျန်းမာရေးအသိပညာပေးမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာဒေသများတွင် လိုအပ်နိုင်သည့် ဆေးနှင့်ပစ္စည်းကိရိယာများ၊ Disaster Medical Kit (အရေးပေါ်သုံး ဆေးသေတ္တာ)များ၊ Family Kit (မိသားစုသုံးပစ္စည်း) များ၊ Clean Delivery Kit (မီးဖွားရန်အတွက်ပစ္စည်း) များနှင့် Dignity Kit (အမျိုးသမီးသုံးပစ္စည်း) များအား ကျေးလက်ကျန်းမာရေးဌာနခွဲများအရောက် ကြိုတင် ဖြန့်ဝေထားရှိရမည်ဖြစ်ပါကြောင်း၊ ဆေးရုံများတွင် အရေးပေါ်ခွဲစိတ် ကုသမှု၊ မွေးဖွားမှုအပါအဝင် ကုသမှုလုပ်ငန်းများ နှောင့်နှေးပျက်ကွက်ခြင်းမရှိစေရန် အစီအစဉ်များချမှတ်ကာ ဆောင်ရွက်ထားခြင်းနှင့်လိုအပ်သည့် အရေးပေါ်ဆေးအဖွဲ့များကို ကြိုတင် ဖွဲ့စည်းပြီးအသင့်အနေအထားဖြစ်စေရန် ဆောင်ရွက်ထားရှိရမည်ဖြစ်ပါကြောင်း၊ အရေးပေါ်လူနာလွှဲပြောင်းရန် လမ်းကြောင်းများကိုလည်း နှီးနွှယ်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ထားရ မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့် တပ်မတော်ဆေးတပ်ဖွဲ့များနှင့်လည်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကွပ်ကဲမှုစင်တာ (Public Health Emergency Operations Center) နှင့်တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကွပ်ကဲမှုစင်တာများကိုလည်း ဖွင့်လှစ်(activate)ထားရှိပြီးဖြစ်ရာ အချိန်နှင့် တစ်ပြေးညီဆက်သွယ်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့်ကို တာဝန်ကိုယ်စီခွဲဝေပေးထားပြီး ကိုယ်စီကိုယ်တာဝန်များအား သိရှိဆောင်ရွက်ကြရန် ကြီးကြပ်ကွပ်ကဲကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများက ဦးစီးဌာနအလိုက် ဆောင်ရွက်ထားရှိမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်နှင့် ဆေးရုံအလိုက်ကြိုတင်ပြင်ဆင် ထားမှုအခြေအနေ၊ အရေးပေါ်စီမံချက်များရေးဆွဲ ထားမှုအခြေအနေ၊ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲမှုစင်တာများ ဖွင့်လှစ်ထားရှိသည့်အခြေအနေများ၊ အရေးပေါ်ဆေးဝါးနှင့်ဆေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်နေမှုနှင့် နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment