Monday, May 15, 2023

ဘေးမသန်း အေးချမ်းသည့်တရားဒေသနာတော်

 


မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၌ သတင်းသုံးတော်မူစဉ်က အလွန်တရာမှ ဝပြောစည်ကား ကြီးပွားတိုးတက်လှသော ဝေသာလီပြည်ကြီး၌ အစာရှားပါးငတ်မွတ်ခေါင်းပါးဘေး၊ သားရဲဘီလူးဘေး၊ ရောဂါဆိုးဘေးဟူသော ဘေးကြီးသုံးမျိုးဆိုက်ရောက်ဖြစ်ပေါ်ခဲ့သည်။ ထိုအခါ ပြည်သူပြည်သားလူအများသည် ဘေးအန္တရာယ်ပျောက်ကွယ်စေရန် နည်းလမ်းကောင်းများရှာဖွေကြရာ ဘုရားရှင်အားပင့်ဖိတ်လျှင် ဘေးသုံးပါးကင်းငြိမ်းလိမ့်မည်ဟူသောအကြံကို လက်ခံသဘောတူခဲ့ကြသည်။

ဘုရားရှင်သည် ငါးရာသော သံဃာတော်များနှင့် ဝေသာလီမင်း၏နယ်ပယ်သို့ ရောက်ရှိသောအခါ ဝေသာလီမှ လိစ္ဆဝီမင်းညီမင်းသားတို့သည် ဘုရားရှင်အား ဂင်္ဂါမြစ်သို့ ဆင်းသက်ကြ၍ ခရီးဦးကြိုဆိုကြသည်။ ဘုရားရှင် လှေပေါ်မှဆင်းသက်၍ ကုန်းပေါ်သို့ ခြေတော်ချလျှင် လျှပ်ပန်းလျှပ်ရောင်များနှင့်တကွ မိုးကြီးသည်းစွာ ရွာသွန်းလေသည်။ ရွာသွန်းသည့်မိုးသည် စွတ်စိုလိုသူတို့အား စွတ်စိုစေပြီး မစွတ်စိုလိုသူတို့အား မစွတ်စိုခဲ့ချေ။ မိုးရေကြောင့်အပုပ်ကောင်တို့ မျောပါသွားပြီးပတ်ဝန်းကျင်မြေပြင် စင်ကြယ်သန့်ရှင်းလေသည်။ ဝေသာလီပြည်သူပြည်သားတို့သည် ဘုရားရှင်နှင့်သံဃာငါးရာအား သုံးရက်တိုင်တိုင် ခမ်းနားကြီးကျယ်စွာပူဇော်ကြလေသည်။ မြတ်စွာဘုရားရှင်သည် မြို့တံခါး၌ ရပ်တော်မူလျက် ညီတော် အရှင်အာနန္ဒာအား “ချစ်သားအာနန္ဒာ ဤရတနသုတ်ကို သင်ယူမှတ်သား၍ လိစ္ဆဝီ မင်းသားတို့နှင့်အတူလှည့်ပတ်လျက် ဝေသာလီပြည်သုံးထပ်သောတံတိုင်းတို့၏ အကြား၌ အဆီးအတားအကာအကွယ်ကို ပြုလုပ်ချေ” ဟု မှာတော်မူသည်။

အရှင်အာနန္ဒာလည်း ဘုရားရှင်၏ ကျေးဇူးတော်အဖုံဖုံ ဂုဏ်တော်အနန္တကို အထပ်ထပ်ဆင်ခြင်လျက် ညဉ့်သုံးယံမပြတ် ရွတ်ဖတ်သရဇ္စျာယ်တော်မူပြီး နှုတ်တော်က “ယံကိဉ္စိ” အစရှိသောဂုဏ်တော်ကို ရွတ်ဖတ်ရင်း လက်ဖြင့်မြသပိတ် ရေစင်ကို တစ်ပြည်လုံးပက်ဖျန်းလျက် လှည့်တော်မူရာ ဝေသာလီပြည်သူပြည်သား လူအများတို့မှာ ရောဂါဘေးသုံးပါးတို့ ကင်းဝေးကြလေသည်။ ထို့နောက် ဘုရားရှင် သည် အနာရောဂါဘေးကင်းပျောက်၍ လာရောက်ကြကုန်သော လူနတ်ဗြဟ္မာ အပေါင်းတို့အား ခုနစ်ရက်ပတ်လုံး ရတနသုတ်ကို ဟောကြားတော်မူရာအလုံးစုံသောသူတို့သည် ရောဂါဘေးဒဏ် ရန်မာရ်ခပ်သိမ်းကင်းငြိမ်းလွင့်ပျောက်၍ ရှစ်သောင်းလေးထောင်သော လူနတ်ဗြဟ္မာသတ္တဝါတို့ တရားထူးကို ရရှိခဲ့ကြသည်။

ဤအကြောင်းခြင်းရာသည် မြတ်စွာဘုရားရှင်လက်ထက်တော်က ဝေသာလီပြည်ကြီး၌ ဆိုက်ခဲ့သောဘေးသုံးပါးကို အပြီးတိုင်ပယ်ရှင်းနိုင်ခဲ့သည့် မြတ်စွာဘုရားရှင်ဟောကြားသော ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကျေးဇူးဖြစ်သည်။ ဤဂုဏ်ကျေးဇူးတရားများကို ယနေ့ထက်တိုင် ယုံကြည်စွာဖြင့် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူပြည်သားအပေါင်းတို့က ဆည်းကပ်ပူဇော်ကြသဖြင့် ကျရောက်လာသည့် ဘေးအန္တရာယ်အမျိုးမျိုးကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ပရိတ်တရားတော်မြတ်သည်ကား မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူမှ ရအပ်သောဓမ္မစက် ဒေသနာတော်မြတ်ဖြစ်သည်။ အလွန်တရာ ရခဲလှစွာသော လူ့ဘဝကြီးကို ရရှိကြပြီး အလွန်တရာကြုံကြိုက်ခဲလှစွာသော မြတ်စွာဘုရား၏ အဆုံးအမတည်းဟူသော သာသနာတော်ကြီးကို အမှီသဟဲရရှိသည့်အခါ ဒေသနာတော် ပရိတ်တရားတော်မြတ်ကို ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့သည် နေ့စဉ်နေ့တိုင်းဝတ်ထားလျက် ရွတ်ပွားကြားနာကြည်ညိုနိုင်ကြစေလိုပါသည်။

လောကလူသားတို့အနေဖြင့် လောကကောင်းကျိုးချမ်းသာတို့ကို လောကီအလိုအားဖြင့် ဝါယမစိုက်ထုတ်ကြိုးပမ်းအားထုတ်ကြသလို လောကုတ္တရာအလိုအားဖြင့် မြတ်စွာဘုရားရှင်၏ တရားဒေသနာတော် အဆုံးအမများနှင့်အညီ ကျင့်ကြံအားထုတ်လုပ်ကိုင်ကြမည်ဆိုပါက အလုံးစုံသောကောင်းကျိုးချမ်းသာများ ရရှိခံစား နိုင်ကြမည်ဟု ယုံကြည်ပါသည်။ ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြားနာသူတို့သည် မိမိတို့အပေါ် ကျရောက်လာမည့်ဘေးဥပဒ်အန္တရာယ်တို့ကို ကာကွယ်ရုံ လောက်သာ အကျိုးရောက်မည်မဟုတ်ပါ။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ဟောကြားသည့်အလောင်းတော်မျောက်မင်းသည် ချောက်အတွင်း ကျရောက်သည့် ပုဏ္ဏားကြီးအား ကယ်ဆယ်ရာတွင် ပါရမီ (၁၀) ပါးဖြစ်ပွားကြောင်း ပြဆိုသကဲ့သို့ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်သူတို့သည်လည်း ပါရမီ (၁၀) ပါးဖြစ်ပွားနိုင်ပေသည်။

သို့ဖြစ်ရာ မျက်မှောက်ကာလ၌ လူအချင်းချင်းမေတ္တာစိတ်ကင်းမဲ့လျက် သတ်ဖြတ်ညှဉ်းဆဲကြသဖြင့် ဆင်းရဲဒုက္ခသို့ ကျ‌ရောက်ခြင်း၊ ဘေးအန္တရာယ်အမျိုးမျိုးကျရောက်ခြင်း စသည့်အထိတ်တလန့်နှင့် ကြောက်ရွံ့ရသည့် ဝိပ္ပတ္တိခေတ်ကိုကျော်လွှားပြီး သမ္ပတ္တိခေတ်သို့ ပြောင်းလဲသွားစေခြင်းငှာ ‌ရောဂါဘေးဒဏ် ရန်မာရ် အန္တရာယ်အသွယ်သွယ်တို့ကို ကာကွယ်စောင့်ရှောက်၍ ကောင်းကျိုးချမ်းသာ မင်္ဂလာကျက်သရေတို့ တိုးပွားနိုင်သော ပရိတ်တရားတည်းဟူသော အရံအတားဖြင့် တစ်နိုင်ငံလုံး ဘေးမသန်းငြိမ်းချမ်းသာယာဝပြောလာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။  

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment