Monday, May 15, 2023

သတိပေးနှိုးဆော်ချက်၊ အကြံပြုချက်များ အလေးဂရုပြု၍ လိုက်နာရန်လို

 


အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ကုန်းတွင်းသို့ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း အားလျော့ကျကာ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း မိုး/ဇလ က သတိပေးနှိုးဆော်ချက်များ စဉ်ဆက်မပြတ် ထုတ်ပြန်ပေးလျက်ရှိသည်။ အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့သော အချိန်နာရီနှင့်အမျှ ပြောင်းလဲနေသည့် အရေးပေါ်အခြေအနေတွင် မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်သတိပြုနေရန်လိုအပ်ပြီး သတိပေးနှိုးဆော်ချက်၊ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သော်လည်း ဒေသအချို့တွင် အလေးဂရုပြုမှု လွန်စွာအားနည်းသည်ဟု သိရသည်။

မိုခါသည် ကုန်းတွင်းပိုင်းဒေသများသို့ ဆက်လက်ရွေ့လျားရာတွင် ဒေသအလိုက် မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ပင်လယ်ပြင်၌ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအလွန်ကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ကြိုတင်သတိပြုရှောင်ရှားကြရန်၊ လေကြောင်းပျံသန်းမှုများနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများပင်လယ်ပြင်လုံးဝမထွက်ရန် ဆက်လက်သတိပေးနှိုးဆော်ထားရာ ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသများ၏ အနေအထားအရဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို သတိထား၍ ရှောင်ရှားကြရန်လိုသည်။ ကုန်းတွင်းပိုင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ ရေကြီးရေလျှံမှုအန္တရာယ်ကို သတိပြုရန်လိုအပ်သလို ကုန်းမြင့်ဒေသနှင့် တောင်ကုန်းတောင်စောင်းများတွင် နေထိုင်သူများ မြေပြို မှုအန္တရာယ်ကို သတိပြုကြရန်လိုသည်။

သဘာဝဘေးအန္တရာယ်မကျရောက်မီနှင့်ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင် စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး အရေးပေါ် အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ မေ ၁၄ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ်(အရေးပေါ်) အစည်းအဝေးကိုလည်း မွန်းလွဲပိုင်းတွင် ကျင်းပကာ ကူညီကယ်ဆယ်ရေးနှင့် မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ ကြီးမားသည့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများမှာ လွန်စွာကျယ်ပြန့်ပြီး မမျှော်မှန်းနိုင်သော အခက်အခဲများနှင့် စိန်ခေါ်မှုများလည်း အချိန်မရွေး ပေါ်ထွက်လာလေ့ရှိရာ အချိန်နှင့်တစ်ပြေးညီ ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရှိမှုမရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။ သဘာဝဘေးအန္တရာယ်မှ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးလျှော့ချနိုင်ရေး ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အပြည့်အဝရရှိနိုင်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ရာ အရေးပေါ်တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်မှုလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ် ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:

Post a Comment