Monday, May 15, 2023

ရာသီဥတုနှင့် သဘာဝဘေးဒဏ်များကြောင့် သီးနှံများလေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်

 


နေပြည်တော် မေ ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လယ်ယာကုန်ထုတ်လုပ်မှုလုပ်ငန်းများ သဘာဝဘေးထိခိုက်မှု မဖြစ်ပေါ်စေရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်သည်။

ဆွေးနွေးပြောကြား

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာ တောင်သူ ဦးဇော်လွင်၏ ရေဆင်းစပ်မျိုး (၁၆) နွေပဲတီစိမ်း အထွက်တိုးစံပြကွက်တွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရာသီဥတုနှင့် သဘာဝဘေးဒဏ်များကြောင့် သီးနှံများလေလွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်ချက်များနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများအပေါ် ထိခိုက်မှုမရှိစေရေးအတွက် ပူးပေါင်းဆောင် ရွက်ရန် လိုအပ်ချက်များ၊ မြေဆီလွှာ ထိန်းသိမ်းခြင်း သွင်းအားစု ထည့်သွင်းခြင်းဆိုင်ရာ နည်းစနစ်များ လိုက်နာကျင့်သုံးရန် လိုအပ်ချက်များ၊ စိုက်ပျိုးမြေအားလုံး ကွက်ပြည့်အသုံးချနိုင်ရေးနှင့် သီးထပ် စွမ်းအားမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ကြည့်ရှုအားပေး

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ ရေဆင်းစပ်မျိုး(၁၆) နွေပဲတီစိမ်း အထွက်တိုးစံပြကွက်၏ ဖြစ်ထွန်းအောင်မြင်မှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပျဉ်းမနားမြို့နယ် ကျီးအင်းအုပ်စု ကျီးဖြူရိုးကျေးရွာ မွေးမြူရေး တောင်သူဒေါ်သန်းတင့်၏ အသားတိုးကြက်ခြံကို ကြည့်ရှု စစ်ဆေးအားပေးရာ တာဝန်ရှိသူများက တိရစ္ဆာန်ကူးစက်ရောဂါ တားဆီး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဈေးကွကလိုအပ်ချက်အရ  အသားတိုးကြက် ထုတ်လုပ်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး က ပုဂ္ဂလိက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပျဉ်းမနား မင်္ဂလာကန်အရှေ့ဘက်ခြမ်း နုန်းတူးဖော်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment