ပုသိမ် မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဂုဏ်ပြုငွေများချီးမြှင့်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဖျော်ဖြေရေးအဖွဲ့များ၏ ကပြတီးခတ် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြသည်။
ရာသီမရွေးအသုံးပြုနိုင်
ထို့နောက် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်က “ယနေ့ဖွင့်လှစ်သည့် မော်လမြိုင် ကျွန်းမြို့နယ် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းသည် ကျေးရွာအတွက် အမှန်တကယ်အကျိုးရှိမည့် လမ်းဖြစ်ပြီး ကျေးရွာ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများ၌ များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းအတွင်းပိုင်းအား မြစိမ်းရောင်ကျေးရွာ အတိုးရငွေဖြင့် ဆောင် ရွက်ခဲ့ပြီး ဆက်လက်လိုအပ်နေသည့် လမ်းပိုင်းအတွက်ကိုလည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၆၉ သန်းကျော်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ရာသီမရွေးအသုံးပြုနိုင်သည့် လမ်းတစ်လမ်းအဖြစ် ယနေ့တွေ့မြင်ရသည်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ကုန်ထုတ်လမ်းအား ရေရှည်တည်တံ့ပြီး သားစဉ်မြေးဆက်အကျိုးရှိစွာအသုံးချနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ဝိုင်းဝန်းထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုကြောင်း၊ အထူးသဖြင့် ပညာရေးပိုင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းတက်ရောက်ရန်လည်းလိုကြောင်း၊ ပညာရေးတိုးတက်မှ ကျေးရွာနှင့်လူမှုရေးများပါ တိုးတက်မည်ဖြစ်ကြောင်း၊ အနာဂတ် လူငယ်လူရွယ်များအား ပညာရေးကို ကြိုးစားသင်ကြားပေးရန်လည်း ပြောကြားလိုကြောင်း၊ သက်ဆိုင်ရာဌာနများအပြင် မိမိတို့ကလည်း အားထည့် လုပ်ဆောင်ပါက ထိန်ကုလားကျေးရွာသည် နောင်မကြာမီကာလအတွင်း၌ ယခုထက်ဖွံ့ဖြိုးတိုးတက်သည့် ကျေးရွာကြီးဖြစ်စေကြောင်း” ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးသည် ကျေးလက်ဒေသကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး ကျေးလက်နေ လူဦးရေ ၈၅ ရာခိုင်နှုန်းနှင့် မြို့ပေါ်နေလူဦးရေ ၁၅ ရာခိုင်နှုန်းရှိကြောင်း၊ ကျေးလက်နေ ပြည်သူလူထု ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်ပိုင်းဆိုင်ရာ အပါအဝင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံ တော်မှ စီမံဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်တွင် လည်း ပြည်သူလူထုအနေဖြင့် လမ်းကိုရေရှည် တည်တံ့ခိုင်မာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူး တင်စကားများ ပြန်လည်ပြောကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြပြီး (အပေါ်ပုံ) ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါလမ်းသည် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော လမ်းဖြစ်ပြီးလမ်းအရှည် ပေ၂၄၅၀၊ အကျယ် ၁၀ ပေနှင့် ထု ၇ လက်မရှိကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်သည် တာဝန်ရှိသူများနှင့်အတူ ထိန်ကုလားကျေးရွာ မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့်အတူ စာရေးကိရိယာပစ္စည်းနှင့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment