ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ နယ်မြေခံဌာနချုပ်မှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်တွေတပ်နယ်ရှိ နယ်မြေခံရေတပ်ဆိပ်ခံတံတားအား ကြည့်ရှုစစ်ဆေးခြင်း၊ မိုးရေစုကန်များတွင် ပင်လယ်ရေဝင်ရောက်မှုအား ရေစုပ်စက်များဖြင့် စုပ်ထုတ်နေမှုအခြေအနေကို သွားရောက် စစ်ဆေးခြင်း၊ မင်းဂံကမ်းထိုးရပ်အား ကြည့်ရှုစစ်ဆေးခြင်း၊ နယ်မြေခံဗျူဟာ စစ်ရေယာဉ်စု၊ ကွပ်ကဲမှုဌာနချုပ်တို့ရှိ အဆောက်အဦများ၊ မိသားစုလိုင်းခန်းများအား လိုက်လံကြည့်ရှုစစ်ဆေး၍ အိမ်ထောင်သည်ရဲမေများအား တွေ့ဆုံအားပေးစကား ပြောကြားကာ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ အသားဘူးများနှင့် ခေါက်ဆွဲခြောက်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်တွင် ဌာနချုပ်မှူးက မိုခါမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုအခြေအနေ၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုအခြေအနေ၊ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ တင်ပြခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)မှ အဆောက်အဦများအား ဦးစားပေးအဆင့် သတ်မှတ်ကာ စနစ်တကျ ပြင်ဆင်တည်ဆောက်သွားရန်၊ ယခုအချိန်တွင် မုန်တိုင်းဒဏ်ကြောင့် အပင်အများစုပျက်စီးပြိုလဲပြီး အပူချိန်မြင့်တက်လျက်ရှိ သည့်အတွက် မိုးလေဝသနှင့် ရာသီဥတုမှန်ကန်ကောင်းမွန်စေရန် သစ်ပင်များရှင်သန် ဖြစ်ထွန်းရေးသည် အရေးကြီး သဖြင့် ယခုမိုးတွင်းကာလတွင် ကြိုတင်စုဆောင်းထားရှိသော အရိပ်ရလေကာပင်များ၊ အုန်းပင်၊ ပင်လယ်ကဗွီးပင်များအား လေတိုက်ရာ အရပ်မျက်နှာအလိုက် စနစ်တကျ နေရာချ စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် ထပ်မံလိုအပ်မည့်ပျိုးပင်များအား စစ်ရေယာဉ်များဖြင့် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်အဖွဲ့သည် နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်ဝန်း ခြံစည်းရိုးပျက်စီးမှုများနှင့် ကပ်လျက်ရှိသော ကမ်းနားလမ်းတစ်လျှောက် ပြိုကျပျက်စီးမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ESSAR တံတားသို့သွားရောက်ပြီး တပ်မတော်(ရေ)မှကမ်းထိုးရေယာဉ်များဖြင့် မြောက်ဦးမြို့သို့ ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment