ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ် မြန်မာ (လားရှိုး) – တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲ)ကို မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင် သုံးရက်ကြာပြုလုပ်ခဲ့သည်။
ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ကုမ္ပဏီ ၆၅ ခုမှ ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် ၇၀ က ပြခန်းပေါင်း ၄၀ စုစုပေါင်း ပြခန်းပေါင်း ၁၁၉ ခန်း ပြသကြပြီး ဒေသထွက်စားသောက်ကုန်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်နှင့် ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ်နှင့် ဝါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂများနှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍစုံပါဝင်ပြသခဲ့သည်။
ကုန်စည်ပြပွဲ ဒုတိယနေ့တွင် နှစ်နိုင်ငံမှ ကုမ္ပဏီ ၁၇ ခုတို့က လယ်ယာထွက်ကုန် ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အချိုရည်နှင့် အဖျော်ယမကာ၊ ဆေးဝါးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ စသည့်နယ်ပယ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ်ကိုးခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်နိုင်ငံ စီးပွားရေးကုန်စည်ပြပွဲကို ကျင်းပနိုင်ခဲ့သည့်အတွက် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများတိုးပွားရေးကို များစွာအထောက်အကူပြုခဲ့သည်။
ယနေ့ကာလတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ကောင်းမွန်လာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ပပျောက်ရေးကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအရ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး အခန်းကဏ္ဍ ယခင်ကထက် ပိုမိုအရေးပါလာခြင်း စသည့်အခြေအနေကောင်းများကြောင့် တရုတ်-မြန်မာ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများ မြင်တွေ့နေရပြီဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာကုန်သည်များက အဓိကအားထားနေရသည့် နိုင်ငံဖြစ်သည်။
နိုင်ငံတော်အစိုးရသည် အရေးပါသောကုန်သွယ်ရေးမူဝါဒကို ချမှတ်အကောင် အထည်ဖော်လျက်ရှိပြီး ယခုကဲ့သို့နိုင်ငံအတွင်း၌ နှစ်နိုင်ငံကုန်စည်ပြပွဲ ပြုလုပ်နိုင် ခြင်းသည် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ပိုမိုခိုင်မာအားကောင်းလာခြင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းပြည်သူများ၏ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာသည်တို့ကို ထင်ဟပ်ဖော်ပြနေသည်။ ထို့ကြောင့် နှစ်နိုင်ငံအကြားချစ်ကြည်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အစိုးရအချင်းချင်းသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များ အချင်းချင်းပါ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။ တရုတ်-မြန်မာ ကုန်သွယ်မှုကောင်းမွန်လာခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားများ ကောင်းမွန်လာမည်ဖြစ်သည်။ မြန်မာ့ထွက်ကုန်များသည် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို အဓိကအားပြုနေရသဖြင့် ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများ၊ အကန့်အသတ်များကို လျှော့ချပေးရန်လိုအပ်သည်။
ကမ္ဘာ့စီးပွားရေးတွင် ထိပ်တန်းနိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံတွင် ရှေးကာလကတည်းက ကမ္ဘာ့နိုင်ငံများအားလုံးကိုဖိတ်ခေါ်ပြီး ကုန်စည်ပြပွဲအမျိုးမျိုးကို ကျင်းပခဲ့သည်။ ကမ္ဘာ့ဈေးကွက်အခြေအနေ၊ တရုတ်နိုင်ငံ၏ ဈေးကွက်အခြေအနေတို့နှင့်ဆက်စပ်ပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကုန်စည်ပြပွဲများပြုလုပ်နိုင်ခြင်းသည် စီးပွားရေးတိုးတက်မှု အတွက် အခြေခံအရင်းအမြစ်တွန်းအားတစ်ခုဖြစ်သည်။ ယခုကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်စည်ပြပွဲကို စတုတ္ထအကြိမ်မြောက် ကျင်းပနိုင်ခြင်းဖြင့် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းမှာပင် ဈေးကွက်အသစ်နှင့် ထုတ်ကုန်မြှင့်တင်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို အားပေးမြှင့်တင်ဆောင်ရွက်နေချိန်တွင် အဓိကကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံမှ ကုန်သည်များ မြန်မာနိုင်ငံတွင် ထဲထဲဝင်ဝင်လက်တွဲပူးပေါင်း၍ ထိတွေ့ဆောင်ရွက် နိုင်သောကြောင့် စီးပွားရေးအခွင့်အလမ်းကောင်းများ ပေါ်ထွက်လာပြီး နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုအားကောင်းအောင် မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment