Monday, May 29, 2023

စွမ်းရည်ရှိသော တပ်မတော်၊ စွမ်းအားရှိသော တပ်မတော်ဖြစ်စေရေး စစ်သည်တစ်ဦးချင်း လေ့ကျင့်သားပြည့်ဝပြီး အရည်အသွေးပြည့်စုံရန်ဆောင်ရွက်


နေပြည်တော် မေ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဟိုပုံးတပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ နည်းပြအရာရှိများနှင့် သင်တန်းသားများအား အဆိုပါသင်တန်းကျောင်းခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

 









အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဟိုပုံးတပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ နည်းပြအရာရှိများနှင့် သင်တန်းသားများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာစစ်သည်တော်များကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယခုသင်တန်းတွင် တက်ရောက်နေကြသူများကို တပ်မတော်အင်ဂျင်နီယာကဏ္ဍ စွမ်းပကားများတိုးတက်မြင့်မားလာစေရေး လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ သင်တန်းသားများအနေဖြင့် သင်ကြားပေးသည့် အင်ဂျင်နီယာဘာသာရပ်များကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ယူကြရန်လိုကြောင်း၊ သင်တန်းကျောင်းအား အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးထားပြီးဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးထားသဖြင့် သင်တန်းသားများ၏ စိတ်ဓာတ်များလည်း ပိုမိုတိုးတက်ကောင်းမွန် လာမည်ဟုယုံကြည်ကြောင်း၊ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်းသည် ရုပ်ပိုင်းဆိုင်ရာပြုပြင်ခြင်းဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း။

သင်တန်းသားများအနေဖြင့် သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များအလိုက် ရောက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သင်ကြားပေးလိုက်သည့် ပညာရပ်များ မှန်မှန်ကန်ကန် အသုံးချပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် တပ်မတော်ကိုကောင်းအောင်နှင့် မိမိကိုယ်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေခြင်းပင်ဖြစ်သည်ကို နားလည်သဘောပေါက်ရန်လိုကြောင်း၊ သင်တန်းသားများကိုစနစ်တကျ ရွေးချယ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပြီးသည့် သင်တန်းသားများအားလုံး အရည်အချင်းပြည့်မီသူများဖြစ်လာစေရေးအတွက် နည်းပြများမှ ကြပ်မတ်လေ့ကျင့်သင်ကြား ပေးသွားရန်လိုကြောင်း၊ သင်တန်းသားများအားလုံး စစ်အတတ်ပညာနှင့် လုပ်ငန်းအတတ်ပညာများတွင် အရည်အချင်းပြည့်မီသူများဖြစ်ရန်လိုကြောင်း။

ပညာဟူသည်မှာသင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည်နှင့် မပြီးဆုံးဘဲကိုယ်တိုင်လည်း အမြဲမပြတ်လေ့လာနေရန်လိုကြောင်း၊ ထို့ကြောင့် လုပ်ငန်းပမာဏများ ကျယ်ပြန့်လာသည်နှင့်အမျှ ပိုမိုလေ့လာအားထုတ်ကြိုးပမ်းရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတာဝန်ဆောင်ရွက်သည့် လုပ်ငန်းများတိုးတက်လာစေရေး မည်သို့ဆောင်ရွက်မည်ဆိုသည်ကို တီထွင်ကြံဆလုပ်ဆောင်ကြရန်လိုကြောင်း၊ ကျွမ်းကျင်သူများဖြစ်မှသာ ပညာရှင်များဖြစ်လာမည်ဖြစ်ကြောင်း၊ အားလပ်သည့်အချိန်များတွင် သက်ဆိုင်ရာ ပညာရပ်နှင့်ပတ်သက်သည့် စာပေများကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ အင်ဂျင်နီယာ ဘာသာရပ်များကို သင်ယူရာတွင် အင်္ဂလိပ်စာသည် မဖြစ်မနေတတ်မြောက်ထားရန် လိုသည့်အတွက် လေ့လာလေ့ကျင့်သွားရန်လိုကြောင်း၊ ပညာရပ်များကိုသင်ယူရာတွင် နေ့စဉ်သင်ကြားလေ့လာခြင်းဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ တတ်ကျွမ်းသည့်ပညာရပ်များကို အပြည့်အဝအသုံးချခြင်းဖြင့် စွမ်းအားရှိသည့် တပ်မတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ခေတ်သစ်စစ်နည်းဗျူဟာများ ပြောင်းလဲလာသည်ကိုတွေ့ရသည့်အတွက် ခေတ်သစ်စစ်ပွဲများနှင့်ပတ်သက်၍လည်း မျက်ခြည်မပြတ်လေ့လာနေရန်လိုကြောင်း။

တပ်မတော်သားအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိတို့တစ်ဦးတစ်ယောက်ချင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်ရန် တပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ကြသူများဖြစ်ကြောင်း၊ တပ်မတော်အတွင်း၌ မှန်မှန်ကန်ကန်ဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင် ဆောင်ရွက်မည်ဆိုပါက ဘဝအတွက်တိုးတက်မှုများကိုရရှိမည်ဖြစ်ကြောင်း၊ မိမိတို့၏ရည်မှန်းချက်များပျောက်ဆုံးမှုမရှိစေရေး မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့ဘဝကို ထိခိုက်ပျက်စီးစေနိုင်သည့် မူးယစ်သောက်စားမှုများနှင့် အပျော်အပါးများကို ရှောင်ကြဉ်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့ အသိစိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်သွားမည်ဆိုပါက ဘဝတိုးတက်မှုအတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့်အကျင့်များကို မွေးမြူဆောင်ရွက်သွားရန်လိုပြီး ချမှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဆိုပါက မိမိတို့တစ်ဦး တစ်ယောက်ချင်းစီ၏ ရည်မှန်းချက်များ အောင်မြင်စေနိုင်မည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းမှစ၍ မိမိကိုယ်ကို တိုးတက်ကောင်းမွန်အောင် လေ့လာသင်ယူဆောင်ရွက်ကာ လူကောင်းလူတော်များ ပေါများလာမည်ဆိုပါက တပ်မတော်နှင့် တိုင်းပြည်သည်လည်း တိုးတက်လာမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး တပ်မတော်မှဦးဆောင်ခဲ့သည့် အခြေအနေများနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည့် အခြေအနေများ၊ ဒီမိုကရေစီအစိုးရသက်တမ်း ၂ ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုခဲ့သည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တွင်ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှနိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းကျောင်းအတွင်း စိုက်ပျိုးမွေးမြူရေး အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းသား စားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေး အခြေအနေများကို တစ်ဦးချင်းရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment